" သစ္စာဓမ္မအတွက် ဆန်တက်ခြင်း "
၁။
အရာရာကို နောက်၌ ထားခဲ့ပြီ။
တောထွက်မည်ကို စိုးရိမ်စိတ်ဖြင့် လုံခြုံစွာ ပြုလုပ်ထားသော တစ်ဆယ့်ရှစ်တောင်မြင့်သည့် အုတ်ရိုးစီ တံတိုင်းကြီးကို ထားခဲ့ပြီ။ အားကောင်းမောင်းသန် ယောကျာ်းတစ်ထောင်တို့
ဖွင့်မှ ပွင့်နိုင်မည့် မြို့အ၀င် တံခါးရွက်ကြီးများကို ထားခဲ့ပြီ။ စောင်း,ငြင်း,ပတ်သာ၊ ခရာ,အငြိမ့်၊ အတီး,အက၊ ခယစေပါး အခြံအရံများစွာနှင့် တကွသော တစ်ဆယ့်သုံးနှစ် တိုင်တိုင် နေပျော်ခဲ့ရာ နန်းမပြာသာဒ်ကြီး သုံးဆောင်ကို ထားခဲ့ပြီ။ ငါ့အပေါ် အချွတ်အချော် အမှားအယွင်း ကင်းစွာ ကာလရှည်ကြာ တွဲဖက်ရှင်သန်လာခဲ့သူ ယသောဓရာ ဗိမ္ဗာဒေ၀ီကို ထားခဲ့ပြီ။ မနေ့ညကမှ ဖွားမြင်ခဲ့သည့် အသစ်ကျပ်ချွတ် သားငယ်လေးကို ထားခဲ့ပြီ။ နောက်ပြီး 'သုခ' ဟု ထင်မှားမိခဲ့လေသမျှ အရာအားလုံးကို နောက်၌ ထားခဲ့ပြီ။
တံခါးခုံ၌ ခေါင်းဆိုက် အိပ်ပျော်နေသည့် ဆန္နကိုနှိုး၍ ကဏ္ဍကကို ကကြိုးဆင်စေခဲ့ပြီ။ ယခုပင် သစ္စာခရီးကို စတင်တော့အံ့။ ဒီည၊ ငါ မြင်းစီးရပေဦးမည်။ ဆန္န၊ ထထ။
၂။
အပတ်စဉ် ထွက်နေကျ ဥယျာဉ်တော်ခရီးကိုလည်း ယနေ့ပင် အဆုံးသတ်လိုက်ပြီ။ ငါ့အတွက် ထိုခရီးစဉ်မျိုး နောက်တစ်ကြိမ်ဟု မရှိနိုင်တော့။ ယနေ့ ဘိက္ခုတစ်ပါး၏ သွင်ပြင်မူရာကို ငါတွေ့လိုက်ရသည်။ အအိုရုပ်၊ အနာရုပ်၊ အသေရုပ်တို့ကို မြင်တွေ့ခဲ့စဉ်က ခြောက်ခြောက်ခြားခြား ဖြစ်ခဲ့ရသည့် ငါ့စိတ်သည် ဘိက္ခု၏ သွင်ပြင်ကို တွေ့မိသည့် ခဏ၌ ပြန်လည် စိမ်းလန်းခဲ့ရသည်။
ဘိက္ခု ဟူသည် အဘယ်နည်း။ ထိုအမေး၏ အဖြေကိုကား ရထားထိန်းလည်း မဆိုတတ်ရှာ။ ဘိက္ခုအနီးသို့ ချဉ်းကပ်၍ ငါ မေးသည်။
အို..အရှင်၊ သင်သည် သင့်ကိုသင် ဘိက္ခု ဟု ဆို၏။ ဘိက္ခု ဟူသည် အဘယ်နည်း။ ဘိက္ခုက ဆိုသည်။ ''အိုခြင်းနာခြင်းသေခြင်း ကင်းရာ အငြိမ်းဓာတ်
ရှိရာသို့ မျက်နှာမူ လျှောက်လှမ်းသူသည် ဘိက္ခုတည်း။ အရှုပ်ကို ကျောခိုင်း၍ အရှင်းဘက်ကို မျက်နှာမူထားသူသည် ဘိက္ခုတည်း။ အမှောင်ကို ကျောခိုင်း၍ အလင်းဘက်ကို မျက်နှာမူထား
သူသည် ဘိက္ခုတည်း''။ ဘိက္ခု၏ အဆိုအမိန့်က ငါ့အတွင်း စိတ်ကို လှုပ်နှိုးလိုက်သည်။
ငါသိပြီ။ သိခြင်းကို အဘယ်ပုံ ရှာဖွေရမည်ကို ငါသိပြီ။ ဆန္န၊ ထထ။ ကဏ္ဍကကို ကကြိုးဆင်။ ကဏ္ဍက၊ ငါ့ကို ကူပံ့လော့။ သင့် မြန်နှုန်းကို အမှီပြု၍ ယနေ့ည ခရီးစဉ်ကို စတင်မည်။ သုံးလီသော ဘ၀နှောင်ချိုင့်မှ ငါ ထွက်မြောက်ခွင့်သာလျှင် သုံးခွင်လောကသား
တို့ကို ခေမာရပ်ခွင်သို့ ငါ တင်ပေအံ့။
ဒီည၊ သစ္စာရှာဖို့ ငါမြင်းစီးမည်။
ဆန္န၊ ငါ့ကို ကူညီပါ။ ငါ့နောက်ကို မလိုက်ချင်ပါနှင့် ဆန္န၊ နေပြည်တော်ကို အရောက်ပြန်သွားပါ။ ဤမြစ်သည် အဘယ်အမည်ရှိသနည်း ငါမေးစဉ်က 'အနောမာ' ဟု သင်ဆိုခဲ့သည်။ ငါတို့ အနောမာကို ဆန်ခဲ့ပြီ။ ဆန္န၊ သင့်ကိုလည်း ငါဆန်မည်။
ဆန္န၊ သင်တို့ ပြန်ကြလေ။ ခမည်းတော် မယ်တော်တို့အား သတင်းစကား ကြားသိစေဖို့ နေပြည်တော်ကို အရောက်ပြန်ဖို့ ရှိသေးသည်။
ဆန္န၊ သင်ပြန်ပါ။
ငါ စွန့်ခဲ့ပြီ၊ နန်းတော်ကြီးကို စွန့်ခဲ့ပြီ။ မကိုဋ်စလွယ်နှင့်တကွ ဆံကျစ်ကို စွန့်ခဲ့ပြီ။ ဆံကျစ်ကိုဖြတ်သည့် သန်လျက်ကို စွန့်ခဲ့ပြီ။ ၀တ်လဲတော်ကိုပါ စွန့်ခဲ့ပြီ။ ယခုမူ ငါသည် သမဏတစ်ဦး၏ အသွင်အပြင်ကိုရပြီ။ ငါ့ရှင်သန်မှုကို ပြောပြနိုင်ဖို့ဘဤ၀တ်လဲတော်တို့ကို သင်ယူသွားပါ။ ဆန္န၊ ယူသွားပါ။ မျက်ရည်စက်လက်ဖြင့် ကျောခိုင်းထွက်ခွာသွားသူ ဆန္န၊ သင့်ကိုလည်း ငါစွန့်ပြီ။ ယခုမူ ငါသည် တစ်ကိုယ်တည်း အဖြစ်ကို ပိုင်ဆိုင်ပြီ။ နောင်သော် ထိုအဖြစ်ကိုပင် စွန်ကောင်း စွန့်ရပေဦး
မည်။ နန်းတော်၌ မည်သို့ ဖြစ်ကျန်ရစ်ခဲ့မည်နည်း။ ထိုအဖြစ်ကို ငါ မတွေးလို။ ငါ့ လက်ဝါးပြင်၌ နောက်ပြန်လှည့်မည့် အရေးအကြောင်းတို့ ပါမလာ။ ငါသည် နောက်ကြောင်း ပြန်မလှည့်စတမ်းစိတ်ဖြင့် ရှေ့သို့ ဆန်တက်လာသူတစ်ဦး ဖြစ်သည်။
၃။
ရှေ့၌ တောင်ကုန်းမို့မို့နှင့် သရက်တောအုပ်ညို့ညို့
ကို လှမ်းမြင်နေရသည်။ ထိုအရပ်ကို အရောက်
သွားမည်။ နေရောင်သည် သရက်တောအုပ်
အတွင်းသို့ စိတ်ရှိလက်ရှိ ဖြာကျနေသည်။ စမ်းရေစီးသံသဲ့သဲ့ကို ကြားရသည်။ သဘာဝတရား၏ သဘာဝကျကျ စီးဆင်းနေပုံမျိုးကို ယခင်က ငါ သတိမမူမိခဲ့။ ယခုမူ ငါသည် သဘာဝကျကျ ဖူးပွင့်ခွင့်ကို၊ သဘာဝကျကျ ကူးခတ်ခွင့်ကို ရပြီ။
အဟောဝတ၊ သြော် ..ကျေနပ်ဖွယ်။
ထိုသရက်တောအုပ်၌ လွတ်လပ်ပေါ့ပါးစိတ်ဖြင့် ခုနစ်ရက်တိတိ နေထိုင်ခဲ့သည်။ ထို့နောက် ခရီးဆက်သည်။ယူဇနာသုံးဆယ် ကွာလှမ်းသည့် အရပ်ကို ရောက်သွားသည်။ အနီးရှိ ရာဇဂြိုဟ်မြို့တွင်းသို့ အစာအတွက် ဆွမ်းခံဝင်သည်။ ရလာသော ဆွမ်း၊ဆွမ်းဟင်းအစုံကိုဆောင်၍ ပဏ္ဍ၀တောင်ခြေသို့ ချဉ်းသည်။ ၀မ်းမီးကို ငြိမ်းစေအံ့ဟု ကြံကာ သပိတ်ကို ဖွင့်လိုက်သည်။ ဖြူနီကြောင်ကြား အရောရောအနှောနှောသော စားဖွယ်တို့ကို မြင်လျှင် နှလုံးက လက်မခံ၊ အူသည်းပြောင်းပြန် လန်လုမတတ် ဖြစ်သည်။ ပျို့ချင်အန်ချင်သည်။ အမြင်က ငါ့ကို ငြင်းသည်။ အနံ့က ငါ့ကို ငြင်းသည်။ ငါ့ အစာအိမ်က ငါ့ကို ငြင်းသည်။ ငါ့ကိုငါ ဆုံးမရသည်။ အရာရာကို ငါဆန်ရပေလိမ့်မည်။
အိုဘယ့် .. သိဒ္ဓတ္ထ၊ သန့်စင်မွှေးပံျ့လှသော သလေးထမင်းကို စွန့်ခွာ၍ ရလွယ်သော အာဟာရကို အမှီပြုကာ မသေရာ ဘ၀အဆုံးကို ရှာအံ့ ဆိုသည့်စိတ်ဖြင့် ကြီးမြတ်သောချမ်းသာကို စွန့်ခဲ့သည် မဟုတ်တုံလော။ အပုပ်အတိပြီးသော ဤကိုယ်ကို တန်ဆာဆင်ခြင်း၌ အဘယ့်ကြောင့် မရောင့်ရဲနိုင် ဖြစ်ရသနည်း။ ထိုအရာသည် အစာအဖြစ် ငါ့ရှေ့ကို ရောက်မလာခဲ့စဖူး။ ထိုအရာသည် ငါ မဆက်ဆံဖူးသောအရာ ဖြစ်သည်။ ထိုအရာသည် ငါ လက်ခံသည် ဖြစ်စေ လက်မခံသည် ဖြစ်စေ အစာဖြစ်သည်။ ထိုအစာကို ငါ စားမည်။ တစ်ခါမှ မမြင်ဖူးသော အစာကို ငါစားခဲ့ သည်။ အစာနှင့်အတူ တုံ့ဆိုင်းစိတ်တို့ပါ ငါ့ဝမ်းထဲသို့ အရောရောအနှောနှော တိုးဝင်စီးဆင်းသွားသည်။ ငါ့စိတ်ကို ငါ့စိတ်က အောင်နိုင်ခဲ့ပြီ။ စိတ်အသစ်က စိတ်အဟောင်းကို ဆန်ခဲ့ပြီ။
၎။
ငါ့ကို နောက်ယောင်ခံလိုက်နေသူအချို့ ရှိနေခဲ့သည်ကို ငါမသိ။ တစ်စုံတစ်ယောက်၏ ခိုင်းစေချက်ဖြင့် ငါ့ကို စူးစမ်းနေကြသည့် အဖြစ်ကို ငါမသိ။ ယခုမူ ငါသိပြီ။ ထိုတစ်စုံတစ်ယောက်သည် ယခု ငါ့ရှေ့သို့ ရောက်လာခဲ့ပြီ။ သူကား ဘုရင်ဗိမ္ဗိသာရ။
သူက ဆိုသည်။ ''အသက်အရွယ် ငယ်ပါသေးသည်။ တောမထွက်ပါနှင့်ဦး။ မင်းအဖြစ်နှင့် စည်းစိမ်ခံပါဦး'' ဟု ဆိုသည်။ သူ့မျက်လုံး၌ မေတ္တာဗြဟ္မစိုရ်ကို ငါတွေ့သည်။
သို့သော် ငါငြင်းသည်။ သူက တစ်လှမ်း တိုး၍ ဆိုသည်။ ''ပိုင်ဆိုင်မှုကို တစ်ဝက်ခွဲပေးပါမည်'' ဟု ဆိုကာ တိုင်းပြည်တစ်ဝက်ကို ငါ့လက်သို့ နှင်းအပ်သည်။ ''မင်းစည်းစိမ် ခံစားပါဦး'' ဟု ဆိုပြန်သည်။
''အဆွေတော်ရာဇာ၊ ခံစားအပ်သော မင်းချမ်းသာဟူသည် ရေပေါ်တက်လာသည့် ရေပွက်ပမာ တစ်သက်လျာမျှသာ။ ထိုစည်းစိမ်ကို မှီ၍ ကိလေသာပွားသဖြင့် များစွာသော ဒုစရိုက်မှုတို့ ဖြစ်ခဲ့ရလှပြီ။ ထိုစည်းစိမ်သည် သံသရာ၌ နစ်မွန်းရခြင်း၏ အကြောင်းရင်းမျှသာ။ ငါသည် ဘင်အိမ်လောက်၌ တံတွေးပေါက်ကဲ့သို့ စက်ဆုပ်၍ ပြည်စည်းစိမ်ကို စွန့်ခွာ၍ ထွက်လာခဲ့သူ ဖြစ်သည်'' ဟု သူ့ကို ပြန်ပြောလိုက်သည်။ ငါ့စကားကို ဗိမ္ဗိသာရ သာဓု ခေါ်သည်။ ''ဗုဒ္ဓဖြစ်လျှင် ကျွနု၏ပြည်သို့ ဦးစွာကြွ၍ အမြိုက်တရားကို ဟောပြပါ'' ဟု ဖိတ်မန္တက ပြုသည်။ ''ကောင်းပြီ'' ဟု ငါဆိုခဲ့သည်။
ထို့နောက် ရှေ့ခရီးကို ဆက်သည်။ တောအုပ်တစ်နေရာ၌ လောကီဈာန်ကို စီးဖြန်းနေသော ရသေ့တို့နှင့် တွေ့သည်။ ဦးစွာ အာဠာရရသေ့သို့ ချဉ်းကပ်၍ သူတို့နည်းအတိုင်း အားထုတ်သည်။ လောကီဈာန် ၇ တန်ကို ရသည်။ ထို့နောက် ဥဒကရသေ့ကို တွေ့သည်။ သမာပတ် ၈ ပါးကို ရသည်။ ထိုအရာများသည် ငါလိုချင်သော လမ်းဆုံးပန်းတိုင် မဟုတ်ခဲ့။ သဗ္ဗညုတ၏ အကြောင်းတရား မဟုတ်သည်ကို ငါသိသည်။ ထိုနေရာကို ငါစွန့်ခွာခဲ့သည်။ နေရာသစ်အတွက် ငါ ဆန်ခဲ့သည်။ ငါသည် သစ္စာအတွက် အထပ်ထပ် ဆန်ရပေဦးမည်။ ရှေ့ကို ဆက်ရပြန်သည်။ ဥရုဝေဠတောအုပ်ကို ရောက်သည်။ ထိုအရပ်သည် ငါ့အိပ်မက်ထဲက အရပ်။ ငါ့ အိပ်မက်ထဲက တောအုပ်၊ ငါ့အိပ်မက်ထဲက စမ်းချောင်း၊ ငါ့အိပ်မက်ထဲက မြက်ခင်းစိမ်း။ ထိုအရပ်၌ သူတို့ အုပ်စုကို ငါတွေ့သည်။ ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ၊ အဿဇိ။ သူတို့သည် ငါးယောက်အစု။
သူတို့သည် ပဉ္စ၀ဂ္ဂီ။
၅။
သူတို့အဖွဲ့က ငါ့အလှုပ်အရွေ့ကို အကဲခတ်နေကြသည်။ ငါ့ဝေယျာဝစ္စ အ၀၀ကို ဆောင်ရွက်ပေးကြသည်။ ငါကမူ ငါ့အလုပ်ကိုသာ လုပ်သည်။ ငါ၏ ပဓာနအလုပ်က သစ္စာဓမ္မကို တွေ့ရှိရေးလမ်း။ ငါ့မှာ အချိန်ပိုမရှိ။ ငါ့ အလုပ်အတွက် အစာစားနေရခြင်းသည်ပင် စင်စစ် အလုပ်ပိုတစ်ခု ဖြစ်နေခဲ့သည်။ အစာကိစ္စက ငါ့အလုပ်ကို ခရီးဖင့်စေသည်။ ငါသည် ရံခါ ဆွမ်းတစ်လုပ်ဖြင့်၊ ရံခါ သစ်သီးတစ်လုံးဖြင့်၊ ရံခါ နှမ်းတစ်စေ့ ဆန်တစ်စေ့ဖြင့် တစ်နေကုန် နေထိုင်ခဲ့သည်။ အာဟာရဓာတ် ချို့တဲ့၍ ငါ့ကိုယ်သည် လူရုပ်မထင်တော့။ အာနာပါနဈာန်ကိုပင် မ၀င်စားနိုင်တော့ဘဲ စင်္ကြံဦး၌ ပစ်လဲသွားသည်။ ငါ့ကို သေပြီဟု ထင်မှတ်သူအချို့ ရှိခဲ့သည်။ သို့သော် ငါကား မသေ။ ငါကား ဆန်တက်နေသူတစ်ဦးသာ။
အလုပ်ကို နေ့ညမနား အပြင်းအထန် လုပ်ခဲ့သည်။ လူသားတစ်ဦးအနေဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ ငါ့ထက် ပိုမလုပ်နိုင်သည့် အနေမျိုး ငါလုပ်ခဲ့သည်။ ထိုနည်းအတိုင်း ၆ နှစ်ကြာသည့်တိုင် ငါလုပ်ခဲ့သည်။ သို့သော်၊ အပြောင်းအလဲ တစ်စုံတစ်ရာ ပေါ်မလာ။ ငါ တွေးသည်။ အတွေ့အကြုံမျိုးစုံကို ပြန်ပြောင်းဆင်ခြင်၍ တွေးသည်။ သစ္စာဓမ္မအတွက် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တို့ ရှိနေပြီကို ငါရိပ်စားမိလာသည်။ သပိတ်ကိုပိုက်၍ မြို့ရွာတွင်းသို့ ဆွမ်းအလို့ငှာ လှည့်လည်သင့်ပြီဟု အဖြေထွက်သည်။ ထို့ကြောင့် ထိုခွက်မည်းအဟောင်းကိုပင် ငါပြန်ကိုင်ရသည်။အစာအတွက် ခရီးဆက်ရပြန်သည်။ အစာဆက်တော့ ငါ့ပင်ကိုရုပ်ရည်တို့လည်း ပြန်ပေါ်လာခဲ့သည်။ သို့သော် ငါးယောက်အုပ်စုက ငါ့လုပ်ရပ်ကို အမြင်လွဲကြသည်။ ''သိဒ္ဓတ္ထသည် သူ့လမ်းစဉ်မှ သွေဖည်ခဲ့ချေပြီ။ အလွန်ခြိုးခြံစွာ ကျင့်စဉ်ကပင် ဘုရားမဖြစ်နိုင်ခဲ့။ ယခုပုံဖြင့် အဘယ်မှာ ဖြစ်နိုင်တော့အံ့နည်း''။ သူတို့အားလုံး ငါ့ကို စွန့်ခွာသွားကြသည်။
၆။
ယမန်နေ့ညက ထူးခြားဆန်းပြားသော အိပ်မက်ကို မက်သည်။ ထိုကိစ္စမျိုးကို အလေးအနက် မရှိပါသော်ငြား ထိုအိပ်မက်က ငါ့စိတ်ကို လွှမ်းမိုးနေသည်။ စိတ်ကလည်း အထူးပင် ကြည်လင်လန်းဆန်းနေသည်။ မည်မျှ ကြည်သနည်း ဆိုလျှင် ငါကိုယ်တိုင် နားမလည်နိုင်
လောက်အောင်ကို ကြည်သည်။
ထိုနေ့ နံနက်ခင်းက ဆွမ်းခံချိန်ကို ငံ့လင်းရင်း ညောင်ပင်ကြီးတစ်ပင်အောက်၌ ခေတ္တမျှထိုင်သည်။ ထိုစဉ် အမျိုးသမီးတစ်ဦး ရောက်လာပြီး ခွက်နှင့်တကွသော နို့ဆွမ်းကို ကပ်လှူသည်။ သုံးဆောင်ပြီးချိန်၌ ဆွမ်းအုပ်ကို နေရဉ္ဇရာ၏ ရေချိုးဆိပ်တစ်နေရာ၌ မျှောလိုက်သည်။ ထိုခွက်သည် အညာသို့ ဆန်တက်သွားသည်။ ထိုအချက်က ငါ့ယုံကြည်ချက်ကို ပိုမို ခိုင်မာစေခဲ့သည်။
ညနေချမ်းကာလ၌ မဟာဗောဓိပင်ရှိရာသို့ ငါ ထွက်လာခဲ့သည်။ ဒကာတစ်ယောက်လှူသော မြက်ထုံးကို သစ်ပင်ခြေရင်းသို့ ဖြန့်ကျဲ ပလ္လင်ပြုကာ ထိုနေရာ၌ပင် အာနာပါနဈာန်ကို ၀င်စားသည်။ ''ဘုရားမဖြစ်သမျှ ငါမထပြီ'' ဆိုသည့် စိတ်က ပို၍ပို၍ ခိုင်မာလာသည်။ ထိုစိတ်ကို လက်မလွှတ်မူ၍ သဘာဝဓမ္မကို ဆင်ခြင်သုံးသပ်သည်။ ထိုနေ့ည မိုးသောက်ယံအကုန် နေအရုဏ်ထွက်ချိန်၌ သဗ္ဗညုတဉာဏ်တော်ကိုရ၍ သမ္မာသမ္ဗုဒ္ဓအစစ် ဘုရားအဖြစ်သို့ ရောက်သည်။ ထိုတစ်နေ့သည် လပြည့်နေ့။
၇။
နှစ်လတာကာလအတွင်း နေရာမျိုးစုံပြောင်း၍ ငါ နေထိုင်ခဲ့သည်။ တစ်ညနေခင်း၌ ပဉ္စ၀ဂ္ဂီတို့ရှိရာ ဣသိပတန မိဂဒါဝုန်သို့ ငါအရောက်သွားခဲ့သည်။ ယနေ့ မတိုင်မီကာလအထိ မဂဓတစ်ခွင်၌ ရဟန်းအမည်ခံပုဂ္ဂိုလ်တို့်တွင် အချို့က ကာမဂုဏ်ချမ်းသာ၌ ငြိကပ်သည်ဖြစ်၍ အဖန်ဖန်အားထုတ်ခြင်းကို ကျင့်စဉ်တစ်ခုပမာ သွန်သင်ဟောပြောကြကုန်၏။
စင်စစ်သော် ထိုအကျင့်သည် ရွာသူတို့၏
ဥစ္စာဖြစ်သော အကျင့်ဖြစ်သည်။ ပုထုဇဉ်တို့၏ အလေ့အလာကိစ္စရပ်မျှသာ ဖြစ်သည်။ အရိယာတို့၏ ဥစ္စာမဟုတ်။ မသန့်ရှင်း။ မမြင့်မြတ်။ စီးပွားချမ်းသာနှင့် မစပ်ယှဉ်။ ထိုအကျင့်သည်'ကာမသုခလ္လိကာနုယောဂ'။
အချို့က ဆူးခြုံပေါ်၌ အိပ်ခြင်းစသည်ဖြင့် ခန္ဓာကိုယ်ကို တပင်တပန်းဖြစ်သွားအောင် အားထုတ်ခြင်းကို ကျင့်စဉ်တစ်ခုပမာ ဟောပြောကြကုန်၏။ ထိုအကျင့်သည် ဆင်းရဲကို ဆောင်၏။ ပုထုဇဉ်တို့၏ အလေ့အလာကိစ္စရပ်မျှသာ ဖြစ်သည်။ အရိယာတို့၏ ဥစ္စာမဟုတ်။ မသန့်ရှင်း။ မမြင့်မြတ်။
စီးပွားချမ်းသာနှင့် မစပ်ယှဉ်။
ထိုအကျင့်သည် 'အတ္တကိလမထာနုယောဂ'။
ယနေ့ မတိုင်မီကာလအထိ လောက၌
ထိုအမှောင် လွှမ်းမိုးကျရောက်နေခဲ့သည်။
၈။
ပဉ္စ၀ဂ္ဂီတို့သည် ငါ့အပေါ် ကျေးဇူးကြီးသည်နှင့်အမျှ ငါကိုယ်တိုင် ထိုးထွင်းသိမြင်ထားသော သစ္စာဓမ္မကို ခံယူနိုင်စွမ်းရှိသူတို့လည်း ဖြစ်သည်။ ငါသိမြင်ထားသည့် သစ္စာဓမ္မကို ထုတ်ပြန်ကြေညာဖို့အတွက် ငါ့စိတ်သည် အစွမ်းကုန် ရွှင်လန်းအားရဖြစ်နေသည်။ လောကအပေါ် လွှမ်းမိုးကျရောက်နေသည့် ထိုအမှောင်ခေတ်ကို ယနေ့ပင် ငါအဆုံးသတ်လိုက်တော့အံ့။ နေသည် တောင်ကမ်းပါးအစွန်းသို့ ကျလုလု၌ပင် လသည် တောင်ကမ်းပါးအစွန်း၌ မေးတင်ခဲ့ချေပြီ။ အမှောင်ခေတ်သည် အနောက်တောင်ထိပ်၌ ကျလုလုချိန်၌ အလင်းခေတ်သည် အရှေ့လောက ဓာတ်မှ ပြုထွက်ဖို့ အားယူခဲ့ချေပြီ။ သူတို့ငါးဦးသည် ငါ့နှုတ်မှ ပွင့်အံထွက်လာမည့် စကားတစ်ခွန်း
တလေကို စောင့်မျှော်နေကြဟန်က သူ့တို့ မျက်နှာရိပ်၌ အထင်းသား ပေါ်လွင်နေသည်။
''ဒွေမေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေ၀ိတဗ္ဗာ''
သည် ငါ့နှုတ်ဖျားမှ အဦးဆုံး ပေါ်ထွက်လာသည့် သစ္စာဓမ္မ ဖြစ်သည်။
''ဘိက္ခုတို့၊ ငါဆိုသည်။ ရဟန်းဖြစ်သောသူသည် ကာမသုခလ္လိကာနုယောဂ အကျင့်နှင့်
အတ္တကိလမထာနုယောဂအကျင့်ကို မမှီဝဲအပ်''။
၉။
လောကအပေါ် လွှမ်းနေသည့် ထိုအမှောင်ဝါဒကို ငါပုတ်ထုတ်လိုက်သည်။ အမှောင်ဝါဒသည် နေလုံးနှင့်အတူ တောင့်ဟိုဘက်သို့ လွင့်စဉ်လိမ့်ကျသွားခဲ့သည်။ တစ်သံသရာလုံး ဆည်းပူးခဲ့သည့် ပါရမီအားကို သုံး၍ တစ်ခေတ်လုံး မင်းမူနေခဲ့သည့် ထိုအမှောင်ဝါဒကို ဖြိုလှဲတွန်းချ
နိုင်ခဲ့သည်။ ဣသိပတနမိဂဒါဝုန်၌ အဦးဆုံး မိန့်မြွက်ခဲ့သည့် ငါ့ အသံတော်သည် ထိုတောအုပ်ကို လွန်၍ ဘ၀ဂ်သို့တိုင် ဆန်တက်ခဲ့ချေပြီ။
ကျမ်းကိုး-
- သံ၊ ၃၊ ၃၆၈။
- ဇိနတ္ထပကာသနီ။
Writer :
အရှင်သုမင်္ဂလ ( စစ်ကိုင်း )
[မကွေးမြို့၊မဟာရတနာရာမတိုက်
ရွှေရတုမော်ကွန်းစာစောင်]
#kazaw
Credit
No comments:
Post a Comment