စစ်ဆေးရေး
---------------
ကျောင်းကို စစ်ဆေးရေးလာမည်ဆိုသဖြင့် အားလုံးအလုပ်ရှုပ်ကုန်ကြသည်။ ကျွန်တော့်ကို ပြဿနာ ရှာနေသူ ကတော့ ကျောင်းအုပ်ဆရာမကြီးဖြစ်သည်။
“ဆရာ နေ့စဉ်မှတ်တမ်း၊ သင်နည်းမှတ်စု၊ ကျောင်းခေါ်ကြိမ်စာအုပ်တွေ ဘယ်မှာလဲ”
“ကျောင်းခေါ်ကြိမ်မှတ်တမ်းစာအုပ်က ဒီမှာပါ … ကျန်တာတွေတော့ မရှိဘူး”
“ဆရာက ပြဿနာပဲ”
“ကျွန်တော့ ပြဿနာ ကျွန်တော်ရှင်းပါ့မယ် ဆရာမကြီး”
“ကောင်းပြီလေ … ဆရာနဲ့တော့ ခက်တော့တာပဲ”
မကျေမနပ်ဖြင့် ပြဿနာရှာချင်သော အပျိုကြီးမမကို ပြတ်ပြတ်လေးပြောပြီး ဖြတ်လိုက်ရသည်။
ကျောင်းထဲကို စက်ဘီးလေးစီးကာ လူတစ်ယောက်ဝင်လာသည်။ သူက ရုံးခန်းရှေ့တွင် စက်ဘီးကို ရပ်လိုက်ပြီး သော့ခတ်လိုက်သည်။ ပင်ညိုတိုက်ပုံ ညစ်နွမ်းနွမ်း၊ မျက်မှန်ထူထူနှင့် ဖြစ်သည်။ ပုဆိုးကလည်း နွမ်းနွမ်းဖြစ်သည်။ သူ့စက်ဘီးရှေ့ခြင်းထဲတွင် လွယ်အိတ်ကြီးတစ်လုံး။ ကျွန်တော်က ထိုသူကို
“ဘာကိစ္စရှိလို့လဲခင်ဗျာ” ဟု ရုံးခန်းအပြင်ဘက်ထွက်ကာ မေးလိုက်သည်။ သူက
“ကျွန်တော် မြို့နယ်ပညာရေးမှူး ဦးခင်မောင်သော်ပါ” ဟုပြောလိုက်သည်။
ကျွန်တော် အံ့အားသင့်သွားသည်။ မြို့နယ်ပညာရေးမှူးကို အဖွဲ့နှင့်လာမည်၊ ကားနှင့်လာမည် ထင်ထားသော် လည်း တစ်ယောက်တည်း စက်ဘီးလေးနှင့်ကျောင်းစစ်လာသော ဆရာကြီးကို ငေးကြည့်နေမိရာက
“သြော် … လာပါခင်ဗျာ … ကြွပါ … ပေးဆရာကြီး လွယ်အိတ်ကျွန်တော် ယူခဲ့မယ်”
ကျွန်တော်က လွယ်အိတ်ကို စက်ဘီးခြင်းထဲမှ ဆွဲထုတ်လိုက်သည်။ လွယ်အိတ်အောက်တွင် ဒန်ထမင်းဘူး လေးတစ်ခု
“သွားပါ … ထမင်းဘူးကို ကျွန်တော်ပဲ ယူခဲ့မယ်”
မြို့နယ်ပညာရေးမှူးအသစ်က ထမင်းဘူးလေးကို ကိုင်လိုက်ပြီး ကျွန်တော့်နောက် လိုက်ခဲ့သည်။ ရုံးခန်း အတွင်း ဆရာမကြီးထိုင်သည့် နေရာတွင် ထိုင်စေပြီးမှ
“ဆရာကြီးကို တစ်ကြိမ်မှ မမြင်ဖူးသေးလို့ပါ”
“ဟုတ်တယ် ကျွန်တော် အလုပ်ဝင်တာ သုံးရက်ပဲရှိသေးတယ် … ဆရာမကြီးရော”
“ကျွန်တော် သွားခေါ်လိုက်မယ် … ကျောင်းနောက်ဖက်မှာနဲ့ တူတယ်”
ကျွန်တော်က ဆရာမကြီးကို သွားခေါ်ရသည်။ ကျောင်းစောင့်အိမ်တွင် ရေနွေးနှင့် စားသောက်စရာများ ပြင်ဆင်နေသည်။ ဆရာမကြီးက ထိတ်လန့်စွာဖြင့် ကျွန်တော့်နောက်က အပြေးလေးလိုက်လာသည်။
“ဆရာရယ် … စောစောက လာပြောရောပေါ့”
“သူက အမှတ်မထင်ရောက်လာတာလေ … ကျွန်တော်က သိမှ မသိတာ”
ဆရာမကြီးနှင့် ဆရာမလေးတွေ ပြာနေသည်။ ကျွန်တော်က အတန်းဝင်ရန်ရှိသဖြင့် စာဝင်သင်နေသည်။ စစ်ဆေးရေးလာတာ ကိုယ့်အလုပ်မဟုတ်။ ကိုယ့်အလုပ်က စာသင်ရန်သာဖြစ်သည်။
ရှစ်တန်းတစ်ချိန်ပြီးသည့် နောက်တွင် ခုနှစ်တန်းဆက်ဝင်ရပြန်သည်။ ကျွန်တော် ခုနှစ်တန်းတွင် စာသင်နေစဉ် မြို့နယ်ပညာရေးမှူးက အခန်းဝကို လာရပ်သည်။
“ဆရာကိုတင်မောင်”
“ဟုတ်ကဲ့ ဆရာကြီး”
“ကျွန်တော် စာဝင်သင်ချင်လို့”
“ရပါတယ်ဆရာကြီး”
သူက အတန်းထဲဝင်လာသည်။ ကလေးတွေက နှုတ်ဆက်ကြသည်။ ဆရာကြီးက ကလေးတွေကို ကျွန်တော် သင်နေသည့် အင်္ဂလိပ်စာအကြောင်းမေးပြီး ဆက်သင်သည်။ သူက ဖတ်စာအုပ်ကို တစ်ချက်မကြည့် သို့သော် စာပါအကြောင်းအရာတွေကို အလွတ်ပြောနေသည်။ စာကြောင်းတွေကို ကောက်နုတ်ချက်တွေ ဘောပေါ်တွင် ရေးသည်။ ပြီးတော့ ကလေးတွေကို လိုက်ဆိုခိုင်းသည်။
“ရပြီဆရာ … ကောင်းလိုက်တာ … ပျော်တယ် … ကျွန်တော်က အဲသည်လို စာသင်ချင်နေတာ”
အတန်းချိန်ကုန်ပြီ၊ နေ့ခင်းထမင်းစားချိန် ကျောင်းလွှတ်ပြီ။ ဆရာကြီးက ကျွန်တော့်ကို မျက်မှန်ထဲက ကျော်ကြည့်လိုက်ပြီး
“ဆရာ နေ့စဉ်မှတ်တမ်းရော”
“မရေးဘူးဆရာကြီး”
“ခင်ဗျားအတန်းကို အဲဒါကြောင့် ကိုယ်တိုင် လာစစ်ကြည့်တာ … မဆိုးပါဘူး … ခင်ဗျား အတော် သင်ထားတာပဲ”
ဆရာကြီးက ရုံးခန်းထဲဝင်သွားသည်။ ဆရာမကြီးနှင့် ဆရာမလေးတွေ ငြိမ်သက်စွာ ထိုင်နေကြသည်။ မျက်နှာ တွေလည်း မကောင်း။ ဆရာကြီးက ထိုင်ခုံတွင် သွားထိုင်လိုက်ပြီး သူနှင့်အတူ ပါလာသော ထမင်းဘူးလေးကို ဖွင့်လိုက်သည်။ ဆရာမကြီးက
“ဆရာကြီးရယ် တောင်းပန်ပါတယ် … ကျွန်မတို့ စီစဉ်ထားလို့ပါ … ထမင်းတွေ ဟင်းတွေ အသင့်ရှိပါတယ်”
“ရှိလည်း ခင်ဗျားတို့ စားလေ … ကျွန်တော်က အိမ်ကနေ ထမင်းဘူးထည့်လာတယ် … ဒါပဲစားမှာ”
ကျွန်တော် သဘောပေါက်သွားသည်။ ဆရာကြီးစတိုင်ကတစ်မျိုးဖြစ်သည်။ သူ့သဘောကို ဆရာမကြီးတို့က နားမလည်။ ဇွတ်ဧည့်ဝတ်ကျေချင်နေသည်။
“ဆရာကြီး”
“ဘာလဲဗ်”
“ကျွန်တော်လည်း ထမင်းမစားရသေးဘူး”
“သွားစားလေ”
“ထမင်းချိုင့် မပါဘူး”
“အဲဒီတော့ ကျွန်တော်က ဘာလုပ်ရမှာလဲ”
“ကျွန်တော်နဲ့ ဆရာကြီး ထမင်းအတူစားချင်တယ်။ အဲဒါ ကျွန်တော် စားနေကျ ဆိုင်မှာ လိုက်စားပါလား”
“ဆိုင် … ဟုတ်လား”
“ဟုတ်ကဲ့ … ဆိုင်ဆိုပေမယ့် ဈေးထဲက ဆိုင်ပါဆရာကြီးရယ်”
“ကောင်းသားပဲ … ခင်ဗျား ကျွေးမှာလား”
“ဟုတ်ကဲ့”
“လိုက်မယ်လေ … ခင်ဗျားနဲ့လည်း စကားပြောချင်တယ်”
“သွားမယ်ဆရာကြီး … စက်ဘီးနဲ့ သွားကြမယ် … နည်းနည်းတော့ လှမ်းတယ်”
“ရတယ် … ရတယ်”
ဤသို့ဖြင့် ကျွန်တော်နှင့် ဆရာကြီး ထမင်းစားထွက်ရန် စီစဉ်ကြသည်။ ခက်သည်မှာ ပိုက်ဆံမရှိ။ ဆရာကြီးက သူ့ဖိုင်တွေ စာရွက်တွေ သိမ်းနေစဉ် ဆရာမကြီးကို အပြင်သို့ မျက်ရိပ်ပြခေါ်ကာ
“ဆရာမကြီး ကျွန်တော့်မှာ ပိုက်ဆံ မရှိဘူး … ချေးပါဦး”
ဆရာမကြီးက ကျွန်တော့် တိုက်ပုံအိတ်ထဲကို ပိုက်ဆံထိုးထည့် ပေးလိုက်သည်။ ကျွန်တော်က စက်ဘီး သွားယူပြီး ဆရာကြီးကို အပြင်ကစောင့်နေသည်။ ထို့နောက် ဈေးဘက်ကို စက်ဘီးတစ်ယောက် တစ်စီးဖြင့် ထွက်ခဲ့ကြသည်။ လမ်းတွင် စက်ဘီးနင်းရင်း စကားတွေ ပြောသွားကြသည်။
ဈေးထဲက ဒေါ်တရုတ်မထမင်းဆိုင်ကို ကျွန်တော်တို့ရောက်လာသည်။ ဆိုင်ထဲတွင် လူတွေပြည့်နေသည်။
“ဟေ့ … ဆရာကြီးလာတယ် … ဆရာကြီး ခဏလေး ဟိုဝိုင်းရှင်းတော့မယ် … ဆရာကြီးအတွက် နေရာ လုပ်ပေး”
ဒေါ်တရုတ်မက လက်မှဟင်းတွေခပ်ထည့်ရင်း မပြတ်အော်နေသည်။
“လူများသားနော်”
“ဟင်းကောင်းတယ် ဆရာကြီးရယ် … ဆရာကြီး ဘာဟင်းလဲ”
“ဝက်သား”
ကျွန်တော်က ဝက်သား၊ ဝက်လီစာ၊ ကြက်သား၊ ငါးကြော်နှပ်များ မှာလိုက်သည်။ ဆရာကြီးက
“ဘယ်နှယောက် စားမှာမို့လို့ ဟင်းတွေအများကြီး မှာတာလဲ”
“ဆရာကြီးကို ရောက်တုန်း ကျွေးချင်လို့ပါ … ဒေါ်တရုတ်မလက်ရာ စားကြည့်ဦး”
အမှန်အတိုင်းပြောရလျှင် ကျွန်တော်လည်းထမင်းစားပြီးပြီ။ သို့သော် ဆရာကြီးကိုထမင်းကျွေးချင်သဖြင့် လိုက်ကျွေးရာ ဟိုနည်းနည်း သည်နည်းနည်းသာစားနေရသည်။ ဆရာကြီးက သူ့ရှေ့မှ ဝက်သားခွက်ကို ပြောင်သည်အထိ ထမင်းတွေနှင့်သုတ်ပြီး လက်ဖြင့် အားရပါးရစားသည်။
ထမင်းစားပြီးသည့်အခါ ကျွန်တော်က ပိုက်ဆံသွားရှင်းသည်။
“ဆရာကြီး သွားရအောင်လေ … လက်ဖက်ရည်ဆိုင်ဘက်”
“နေဦး … ဒါတွေ အားလုံးအတွက် ပိုက်ဆံ ရှင်းပြီးသားလား”
“ဟုတ်ကဲ့”
“ဟေ့ … ကလေး … လာပါဦးကွယ်”
ဆိုင်မှ စားပွဲထိုးလေး ရောက်လာသည်။
“ဦးကို ဒီဟင်းတွေ အိတ်လေးတစ်လုံးနဲ့ထည့်ပေးပါနော်”
ကျွန်တော်က နားမလည်စွာ ဆရာကြီးကို ကြည့်နေမိသည်။
“ဆရာကြီး ဘယ်သူ့အတွက်လဲ … ကျွန်တော် ထပ်မှာပေးပါ့မယ်”
“နေပါဆရာ … ဟောဒီမှာ ကျန်နေတဲ့ ဟင်းတွေကို ကျွန်တော် ဒီညစာအတွက်သာမကဘူး … သေသေချာချာ ထားမယ်ဆိုရင် နောက်တစ်နေ့ မနက်စာအထိ စားလို့ရတယ်”
“အို … ဆရာကြီးရယ် … ကျွန်တော် အသစ်တစ်ပွဲမှာပေးပါ့မယ်”
“မလိုဘူးဆရာ … ထမင်းဝိုင်းမှာ ကျန်နေတဲ့ ဟင်းတွေကို ထည့်ခိုင်းတာ ရှက်လို့လား။ ကျွန်တော်ကတော့ ဆိုင်မှာ သိပ်မစားဘူး။ စားရင်လည်း ဟင်းပိုတာ အကုန်ပြန်ယူတယ်။ စီးပိုးတာမဟုတ်ဘူးဆရာ။ လူတွေ အမြင်မှာ ဒီလူကြီး စီးပိုးလိုက်တာလို့ ထင်ကောင်းထင်မယ်။ ဆရာမှာနေကတည်းက ကျွန်တော် ဘဝင် မကျဘူး။ နှစ်ယောက်ကို လေးပွဲစာမှာတယ်။ အလကား ဖြုန်းတီးတာပဲ။ အဲသည်လိုတွေဖြစ်မှာစိုးလို့ ကျွန်တော် ကျောင်းတွေမှာ မစားဘဲ ကိုယ့်ထမင်းဘူးနဲ့ ကိုယ်လာတာ။ ဆရာနဲ့ အတူလိုက်စားတယ်ဆိုတာကလည်း ဆရာ့အကြောင်း ကျောင်းကို မလာခင်ကတည်းက ကြားပြီးသား။ အပိုတွေ သိပ်မလုပ်တတ်ဘူးဆိုတာ … ဒါပေမဲ့ ဆရာလည်း သူလိုငါလိုပါပဲ”
ကျွန်တော် နောင်တကောင်းကောင်းရသွားသည်။
ဆရာကြီးက ဆိုင်စားပွဲထိုးလေး လှမ်းပေးသည့် အထုပ်လေးကို ယူလိုက်ပြီး စက်ဘီးတွင် ချိတ်လိုက်သည်။ ကျွန်တော် နောင်တကြီးစွာဖြင့် ဆရာကြီးနောက်မှာ စက်ဘီးလေးဖြင့်လိုက်လာသည်။
“ဆရာကြီး လက်ဖက်ရည် သောက်မယ်လေ”
“အပိုတွေ မလုပ်ပါနဲ့ဗျာ … လာပါ … ခုကျွေးနေတာ ခင်ဗျား ပိုက်ဆံနဲ့ မဟုတ်မှန်း ကျွန်တော် သိပါတယ်”
ကျွန်တော့်ဘဝတွင် သင်ခန်းစာအကြီးကြီးတစ်ခု ရလိုက်သည့်နေ့ဖြစ်သည်။
“ဆရာကြီး ထမင်းကျွေးတာ ကျွန်တော် ကျွေးတာပါ ကျောင်းနဲ့ မဆိုင်ပါဘူး။ ဆရာကြီးကို လေးစားလို့ပါ။ ကျောင်းကိုလာတဲ့ စစ်ဆေးရေးတွေထဲမှာ ရှားလို့ပါ”
“စတန့်ထွင်တာတော့ မဟုတ်ဘူးဗျ။ ကျွန်တော်ကိုယ်တိုင်က ခင်ဗျားလိုပဲ ကျောင်းဆရာဘဝက လာတာ ဆိုတော့ ကိုယ်ချင်းစာတယ်။ စစ်ဆေးရေးလာပြီး စားသောက်တောင်းပြန်ဆိုတာတွေ မကြိုက်ဘူး။ ဒါကြောင့် ဘယ်သွားသွား ကိုယ့်ထမင်းဘူးနဲ့ကိုယ်သွားတယ်”
“လေးစားပါတယ်ဆရာကြီး”
“ခင်ဗျားကို တစ်ခုပြောရဦးမယ်”
“ပြောပါဆရာကြီး”
“ခင်ဗျားကို လေ့လာရသလောက် ခင်ဗျားက ကျောက်ဆောင်ကို ခေါင်းနဲ့ လိုက်တိုက်နေသလိုပဲ”
“ဆရာကြီးရယ် … မတရားတဲ့ အမိန့်အာဏာဟူသမျှကို ရတဲ့နည်းနဲ့ တော်လှန်နေတာပါ”
“ခင်ဗျား ၃၃ ချက်လည်း မဖြည့်ဘူးကြားတယ် … ဘာကြောင့်လဲ”
“ကျောင်းဆရာ ဆရာမတွေကို စစ်အာဏာရှင်တွေက ငတုံးတွေ၊ ငအတွေလိုသဘောထား … ချည်ပြီး တုတ်ပြီး သဘောမျိုးဖြစ်အောင် လုပ်နေတယ်လို့ ထင်လို့ပါ”
“ဟုတ်တယ် … ဒီနေရာမှာ ခင်ဗျားနဲ့ကျုပ် စိတ်ချင်းတူတယ် … ကိုတင်မောင်”
“ဗျာ”
“ခင်ဗျား ကျောက်ဆောင်ကို ခေါင်းနဲ့ မဆောင့်နဲ့ သိလား … ခင်ဗျားပဲနာမယ်”
“ဟုတ်ကဲ့ … ဒါဆိုရင် …”
“ဒိုင်းနမိုက်နဲ့ခွဲ … ဟား … ဟား … ဟား”
crd by:ဆရာတင်ညွန့်
၁၇.၇.၂၀၁၉
No comments:
Post a Comment