သမိုင်းထဲက ဒဏ္ဏာရီ... ဒဏ္ဏာရီထဲက ပုဂံ (#နောက်ဆုံးပိုင်း)
===================================
အနော်ရထာ နှင့် ဒွတ္တဘောင်မင်းကြီး
__________________
သရေခေတ္တရာသို့ရောက်သော် ဒွတ္တဘောင်မင်းကြီးတည်ထားခဲ့သော စေတီတော်ကို ဖြိုဖျက်၍ မြတ်စွာဘုရား၏ နဖူးသင်းကျစ်တော်ဓာတ်ကို ပင့်ဆောင်ပြီးလျှင် သရေခေတ္တရာမြို့ကိုလည်း သူပုန်၊သူကန်တို့ နေမည်ကို စိုးရိမ်၍ ဖျက်ဆီးခဲ့လေတော့သည်။
ဒွတ္တဘောင်မင်းကြီးစီးတော်မူသော နဝရတ်လှေကို သားတော်ဒွတ္တရန်မြှုပ်ထားခဲ့သည်ကိုလည်းတူးဖော် ကြည့်ရှု၍ ပြန်လည်မြှုပ်နှံထားခဲ့လေသည်။ပေါက္ကာရာမသို့ ပြန်ရောက်လေလျှင် ရဟန္တာမြတ် ရှင်အရဟံနှင့် တိုင်ပင်၍ နဖူးသင်းကျစ်တော်ကို ဋ္ဌာပနာ၍ ရွှေစည်းခုံဘုရားကို တည်တော်မူလေတော့သည်။ထိုမှတစ်ဖန် သိန်းခိုကျွန်းသို့ စွယ်တော်တောင်းရန်အတွက် စစ်ချီလေတော့သည်။
ပန်းဝါအမည်ရှိသော သင်္ဘောဆိပ်သို့ရောက်လျှင် သိကြားမင်းလည်း နှစ်ပြည်ထောင်စစ်ဖြစ်၍ သိန်းခိုကျွန်းပျက်စီးမည်ကို စိုးရိမ်၍ သင်္ဘောသူကြီးအဖြစ် အယောင်ဆောင်ကာ "သိန်းခိုကျွန်းသို့ ယနေ့ပင်ငါကူးမည်။သင်လိုက်လိုလျှင်လိုက်ခဲ့လေတော့"ဟူ၍ ပြောသောကြောင့် အနော်ရထာမင်းလည်း စစ်သူကြီးလေးဦးအားခေါ်ဆောင်၍ လိုက်ပါလာတော့သည်။
သိကြားမင်းသည် လမ်းခုလတ်ရောက်သော် နတ်တို့ဖန်ဆင်း၍ရသော အိပ်ပျော်စေနိုင်သည့်အစားအစာများအား စစ်သူကြီးလေးဦးနှင့်တကွ အနော်ရထာမင်းတို့ကို ကျွေးလေသည်။ထို့နောက် သိကြားမင်းသည် အနော်ရထာမင်းနှင့် စစ်သည်လေးဦးတို့အား ကောင်းကောင်းအိပ်စက်နိုင်ရန် နတ်များအိပ်စက်သော အိပ်ရာများအားဖန်ဆင်း၍ မနိုးသောအိပ်ခြင်းဖြင့်အိပ်ပျော်စေလေတော့သည်။
သိကြားမင်းသည် အနော်ရထာမင်းနှင့် စစ်သည်လေးဦးတို့ မနိုးစဉ် "လောကနန္ဒာ"မည်သော ဆိပ်ကမ်းသို့ ပို့ဆောင်ထားခဲ့လေတော့သည်။အနော်ရထာမင်းနိုးလာသော် မိမိအား သိကြားမင်းမှ မသွားစေလို၍ ဟန့်တားသည်ကို သိတော်မူကာ နှလုံးမရွှင်လန်း၍ နန်းတော်သို့ ပြန်ခဲ့လေတော့သည်။
နန်းတော်သို့ရောက်သော် ရှင်အရဟံနှင့်တိုင်ပင်၍ ဆင်ဖြူနှင့်တကွလက်ဆောင်ပဏ္ဏများဖြင့် စကားအရာတွင် လိမ္မာအမတ်တစ်ဦးအား သိန်းခိုကျွန်းသို့ စေလွှတ်လေတော့သည်။သိန်းခို သို့ရောက်သော် မည်သည့်အတွက်လာရောက်ကြောင်းကို သိန်းခိုမင်း(သင်္ဃဗောဓိ)အားလျှောက်လေသည်။
ထိုမင်းလည်း ဆွယ်တော်ပွား တစ်ဆူကို ခေါင်းတွင်ရွက်၍ မြစ်ဆိပ်သို့ဆင်းပြီး လယ်ပင်းသို့တိုင်အောင်ရေထိဆင်းပြီး ပင့်ဆောင်ပေးလေတော့သည်။ထို့နောက် အနော်ရထာမင်းအား ပင့်ဆောင်လျှင်လည်း ဤသို့ပင့်ဆောင်ရန်မှာကြားလေတော့သည်။ပေါက္ကာရာမသို့ရောက်သော် အနော်ရထာမှ ဆင်ဖြူထက်တွင် ပင့်ဆောင်၍ ဆွယ်တော်ကိန်းဝတ်တော်မူလိုသောအရပ်တွင် ဆင်ဝပ်စေဟု အဓိဌာန်ပြု၍ လွှတ်လေတော့သည်။
ဆင်ဖြူတော်လည်း နဖူးသင်းကျစ်တော်ဓာတ်ဌာပနာတော်မူရာ ရွှေစည်းခုံသို့တက်၍ ဝပ်လေသည်။ထိုမှတစ်ဖန် အနော်ရထာမင်းမှ စွယ်တော်များဆက်လက်ပွား၍ ဆင်အားဝပ်စေလေရာ တန့်ကြည်တောင်၊လောကနန္ဒာ၊တူရွင်းတောင်၊သာလျောင်းတောင်၊ခရွှေတောင်၊ပြက်တောင် စသည်တို့တွင် စွယ်တော်ပွားများဋ္ဌာပနာ၍ စေတီပုထိုးများ တည်ထား ကိုးကွယ်လေတော့သည်။
တစ်ရံသောအခါ ဥဿာပဲခူးသို့ ဂျွန်းစစ်သည်များ ဝင်ရောက်တိုက်ခိုက်ရာ ဥဿာမင်းက အနော်ရထာမင်းအား စစ်ကူတောင်းလေရာ စစ်သည်တော်လေးသိန်းအား ယခုပင် ငါပို့လိုက်မည်ဟု မိန့်တော်မူလိုက်ပြီးလေလျှင် လူစွမ်းကောင်းလေးဦးနှင့်တကွ အလုပ်အကျွေး ကုလားခြေလျင်ရှစ်ကျိတ်တို့ကိုသာ စေလွှတ်လိုက်လေတော့သည်။
ထိုစဉ် ဥဿာမင်းနှင့် မှူးမတ်များမှ စစ်သည်တော်လေးသိန်းမပို့ဘဲ စစ်သည်တော် လေးယောက်သာပို့သောကြောင့် မယုံကြည်နိုင်လောက်အောင် ရှိနေလေတော့သည်။ထိုစဉ် စစ်သူကြီးလေးဦးမှ ဦးဆောင်ကာ ဂျွန်းစစ်သည်များအား လေးပိုင်းကွဲအောင် ထိုးဖောက်၍တိုက်ခိုက်ကြလေရာ ဂျွန်းစစ်သည်များလည်း ကစဥ့်ကလျားဖြစ်၍ ခြေဦးတည့်ရာ ကြောက်ရွံ့သွေးပျက်၍ အရူးပမာ ပြေးကြလေတော့သည်။
ဂျွန်းစစ်သည်တို့၏ စစ်သူကြီးများဖြစ်ကြသော အောက်ပြရံ၊အောက်ပြရဲ၊အောက်ပြဘုံ၊အောက်ပြပိုက်တို့ကို အရှင်ဖမ်း၍ ဥဿာမင်းအား ဆက်သလေတော့သည်။ဥဿာမင်းလည်း လွန်စွာအားရကျေနပ်တော်မူသည်ဖြစ်၍ ဥဿာမင်းတို့ ရွှေကြုပ်ဖြင့်ထည့်၍ ဥဿာမင်းများအဆက်ဆက် ကိုးကွယ်ခဲ့သော ဆံတော်ဓာတ်နှင့်တကွ ချစ်လှစွာသော ရွှေကဲ့သို့အစင်းရှိသော မဏိစန္ဒာအား ဆက်သလိုက်လေတော့သည်။
စစ်သူကြီးလေးဦးလည်း အသီးသီးစောင့်ကြပ်၍ ခေါ်လာလေရာ ကျန်စစ်သားအလှည့်တွင် မင်းသမီးနှင့် ချစ်ကြိုက်၍ သံဝါသဖြစ်ကြလေရာထိုအဖြစ်အပျက်များအား အနော်ရထာမင်းအား လျှောက်တင်လေသော် "ငါသို့သောမင်းအား မခန့်မရည်းကျင့်သည် မဟုတ်လော"။ကြီးစွာသောအမျက်ဖြစ်၍ ကျန်စစ်သားအား လက်ပြန်ကြိုးတုပ်၍ အရိန္ဒမာလှံဖြင့် ထိုးလေသည်။
(ကျန်စစ်သားသည်လည်း သေကံမရောက်သေးချိန် ဖြစ်သည်ကတစ်ကြောင်း၊ဘုန်းတန်ခိုးကြီးသော မင်းဖြစ်လာမည်ကတစ်ကြောင်း၊မင်းမဟာဂီရိနတ်မင်း(ခ)အိမ်တွင်းဖခင်ကြီးမှ ကယ်သည်ကတစ်ကြောင်းကြောင့် )လက်ဖြန်ကြိုးအား အရိန္ဒမာလှံဖြင့် ထိုးမိလေရာ နှောင်ကြိုးပြတ်၍ လွတ်မြောက်ပြီး အရိန္ဒမာလှံကို ကောက်ယူကာ တောတွင်းသို့ ထွက်ပြေးလေသည်။
အနော်ရထာမင်းသည် ဘုန်းကြီးသော မင်းဖြစ်၍ စစ်သည်အင်အားအလုံးအရင်းနှင့် တိုင်းခန်းလှည့်လည်ပြီးလျှင် ဘုရား၊ကျောင်း၊ကန်၊ဂူ၊ဆည်၊မြောင်း၊ဇရပ်များ တည်ထားကိုးကွယ်၍ တည်ဆောက်ပြီးလျှင် ကောင်းမှုများများစွာပြုလုပ်ပြီး သာသနာတော်၌ အလွန်ကြည်ညိုသဒ္ဒါတော်မူသော မင်းဖြစ်သောကြောင့် သထုံမှပင့်ဆောင်လာသော ပိဋကတ်တော် အစုံသုံးဆယ်ကိုလည်း အသစ်ရေးကူးစေပြီးလျှင် ရဟန်းသံဃာတော်မြတ်တို့အား တောင်းပန်၍ သင်ကြားစေပြီးလျှင် ရတနာအတိပြီးသော ပြသာဒ်တွင်ထား၍ အရိယာ သံဃာတို့အား ပို့သသင်ကြားစေလေတော့သည်။
တိုင်းခန်းလှည့်လည်စဉ် ကုလားပြည်သို့ရောက်သောအခါ နောင်လာလတ္တံ့သော ငါ၏ သားတော်၊မြေးတော်၊မြစ်တော်၊တီတော်တို့ ဘုန်းတန်ခိုးကြီး၍ ဤအရပ်သို့ရောက်လာလျှင် တီးမှုတ်ဖျော်ဖြေစေဟု ကျောက်တုံးများကို လူရုပ်များကိုပြုလုပ်၍ စည်၊စောင်း၊ငြင်း၊လင်းကွင်း......၊ကချေသည် ကျောက်ရုပ်တို့အား ထားရှိခဲ့လေတော့သည်။
ဤသို့စစ်သည်အလုံးအရင်းနှင့် မြန်မာပြည်အနှံ့တိုင်းခန်းလှည့်လည်ခြင်းမှာ စစ်ပြုရန်မဟုတ်ပေ။အရှိန်အဝါပြလိုခြင်း၊ဗဟုသုတအကြားအမြင်ရလိုခြင်း၊မြန်မာနိုင်ငံစည်ပင်ကောင်းစားရန် ဆည်မြောင်းများစွာကို တည်ဆောက်ပြီး ဤသည်ကိုအမှီပြု၍ လယ်ယာကိုင်းကျွန်း အရောင်းအဝယ်များစွာဖြင့် စည်ကားဝပြောလာလေတော့သည်။
မြန်မာနိုင်ငံ၏ မြောက်ဘက်၊အရှေ့ဘက်၊အရှေ့တောင်ဘက်၊နယ်ခြားတို့၌ ကင်းစောင့်မြို့များကို တည်တော်မူလေခဲ့သည်(နယ်ခြားစောင့်တပ်ဟု ခေါ်သည်)။မြန်မာနိုင်ငံတော်အတွင်း သင့်ရာသင့်ရာတို့၌ မြို့ကြီး၊မြို့ငယ်၊ရွာကြိီး၊ရွာငယ်များကို ကျနစွာ အသစ်တည်ထောင်ပေးခဲ့လေသည်။
တစ်ခါသော် အနော်ရထာမင်းသည် ဆည်မြောင်းများတည်ဆောက်ရာ လယ်တောအရပ်၌ တဲတော်တွင် စံမြန်းတော်မူလေစဉ် တဲအောက်မှ ဖားမြည်သံကို ကြားရလေ၏။ထိုအကြောင်းအား ပညာရှိများအားမေးသော် ဖားဖိုသေ၍ ဖားမက ၎င်းဖားကို ပိုး၍ ငိုနေပါသည်။မကောင်းသောနိမိတ်ဖြစ်သည်။
အရှင်မင်းကြီး ပေါက္ကာရာမ နေပြည်တော်သို့မရောက်မီ ရန်သူ့လက်တွင် နတ်ရွာစံရလိမ့်မည်ဟု လျှောက်တင်သည်။မင်းကြီးလည်း ထိုစကားကြားသော် အမျက်ထွက်၍ တူးဖော်ကြည့်စေရာ ဟောသည့်အတိုင်းပင် ဖားလင်ကောင်ပိုးကို တွေ့ရလေ၏။
မင်းကြီးလည်း ရှိစေဦးတော့၊နောက်ဟောပြောချက်တို့ မမှန်လျှင် သတ်မည်ဟု ဗေဒင်အတတ်ပညာရှိတိုကို့ သံချေခြင်းခတ်၍ ထားလေသည်။အနော်ရထာမင်း ဖားလင်ကောင်ပိုးတွေ့သောနေရာအား ဖားလင်ကောင်ပိုးဘုရားစေတီကို တည်ထားကိုးကွယ်ခဲ့လေသည်။
ထိုစေတီသည်(စဥ့်ကိုင်မြို့မြောက်ဘက်အနား ဆီးတောကျောင်းတွင် ကျောင်းဝန်းအတွင်း၌ ယနေ့တိုင်ပင် တည်ရှိလေသည်)။ဟောပြောချက်များ မမှန်လျှင်သတ်မည်ဟု၍ ခြံဖြင့်လှောင်ထားခဲ့သော နေရာအား (ပုဏ္ဏခြံ=ပုဏ္ဏကုန်း)ဟု ယနေ့တိုင် ခေါ်တွင်၍ နေလေတော့သည်။
အဆိုပါ(ပုဏ္ဏခြံ=ပုဏ္ဏကုန်း)အား ဘုရား၏ အနောက်ဘက်တွင်တည်ရှိပြီး ယနေ့တိုင် ပုဏ္ဏားများနေထိုင်ကြလေသည်။အသက်လွတ်မြောက်ခဲ့သောကြောင့်လည်း “သက်လွတ်”ဘုရားအားလည်းတည်ထားကိုးကွယ်ကြလေသည်။(အဆိုပါဘုရားအား စဥ့်ကိုင်မြို့ အနောက်ဖက်အနားတွင် ယနေ့တိုင် တည်ရှိလေသည်။
အနော်ထာမင်း နေပြည်တော်သို့ ဆင်စီး၍ ပြန်ခဲ့လေရာ မြို့တံခါးဝသို့အရောက်တွင် မုဆိုးတစ်ယောက် ရောက်ရှိလာပြီး ပခုက္ကူနယ်ရှိ အောင်သာမြစ်ချေအရပ်တွင် ကျွဲရိုင်းတစ်ကောင် ထကြွသောင်းကျန်းနေကြောင်း လျှောက်တင်လေ၏။
မင်းကြီးလည်း တံခါးတွင်းသို့ ဆင်တော်ခြေလှမ်းပြီးကာမှ ဆင်ကိုလှည့်၍ ကျွဲနှိမ်နင်းရန် ထွက်ခဲ့လေသည်။ထို့နောက် ကျွဲနှင့်တွေ့၍ ကျွဲမှ မင်းကြီးအားခတ်လေရာ မင်းကြီးကိုထိ၍ နတ်ရွာစံလေတော့သည်။ရဲမက်ဗိုလ်ပါတို့လည်း ကစဥ့်ကလျားဖြစ်ပြီး မင်းကြီးအလောင်းရှာဖွေရာ မတွေ့တော့ချေ။
ကျွဲမှာ ကျွဲအစစ်မဟုတ်၊နတ်ကျွဲဟု ဆိုလေသည်။အနော်ရထာမင်း တရုတ်ပြည်သို့စစ်ချီစဉ် လမ်းတွင် လိမ်ပင်စောင့်နတ်သည် အနော်ရထာမင်းအား အရိုအသေမပေး၊မဖူးမြှော်သည်ကိုမျက်ထွက်၍ ကြိမ်စင်္ကြာဖြင့် ရိုက်နှက်၍ ဆုံးမခဲ့သည်ကို အငြိုးထား၍ အနော်ရထာမင်း ကံနိမ့်သည့်အချိန်တွင် ပြန်လည်လက်စားချေကြသည်ဟု ဆိုကြလေတော့သည်။
ဤသို့အားဖြင့် မြန်မာနိုင်ငံကို ပထမအကြိမ် ကြီးကျယ်အောင် ချဲ့ထွင်တည်ထောင်၍ အမျိုး၊ဘာသာ၊သာသနာ၊ပညာ၊ဥစ္စာ တိုးပွားအောင် ဆောင်ရွက်ခဲ့သော ကျေးဇူးရှင် အနော်ရထာမင်းကြီးအား မမေ့အပ်ပေသည်။
(အနော်ရထာမင်း၏ အလောင်းအား လိမ်ပင်စောင့်နတ်နှင့် နဂါးမင်းတို့လုကြရာ ရန်ဖြစ်ကြသည်ဟုဆို၏။ထိုအခါ သိကြားမင်းမှယူ၍ ဂန္ဓမာဒနတောင်၌ သဂြိုလ်သည်ဟုဆို၏၊အချို့မှာမူကား ဝေပုလ္လတောင်၌ သဂြိုလ်သည်ဟု ဆို၏။အလောင်းတ်ာကို တန့်ကြည်တောင်အရပ် အရှေ့တောင်ငယ်ဖျားတွင် နဂါးနှင့်နတ်လုသော အရပ်ကိုလည်း "လုတောင်"ဟု ယနေ့တိုင် ခေါ်တွင်လေသည်။
အနော်ရထားမင်းသည် အိမ်နိမ့်(၃၃)နှစ်၊မင်းစည်းစိမ်(၃၃)နှစ်၊သက်တော်(၆၆)နှစ်တွင် နတ်ရွာစံခဲ့လေသည်။မင်းကြီးနတ်ရွာစံခါနီးတွင် နန်းတော်ဥကင်သ တံခါးဝယ် ပျားစွဲလေသည်။ ။
#မှတ်ချက်။ ။ဦးကုလား မဟာရာဇဝင်ကြီး နှင့် အမျိုးသားပညာဝန် ဦးဖိုးကျားတို့မှ ကောက်နူတ်၍ ကူးယူဖော်ပြပါသည်။
#Credit_Org
No comments:
Post a Comment