Tuesday, July 16, 2019

#ရှေးမြန်မာ့လက်နက် နှင့် #စစ်နည်းပညာများ

#ရှေးမြန်မာ့လက်နက်  နှင့်  #စစ်နည်းပညာများ
*************************************

ရှေးမြန်မာမင်းများလက်ထက်တော်က မြန်မာပြည်မှာ စစ်ရေးကြုံလာရင် ယောကျာ်းတိုင်းဓားဆွဲပြီး စစ်ထိုးခဲ့ပါတယ် ဒီလိုစစ်တိုက်နိုင် အောင် အခရာကျတဲ့ ကဏ္ဍတစ်ခုကတော့ ပွဲကျောင်းပါပဲ။

ဘုန်းတော်ကြီးသင်ပညာရေးဆိုတာ မြန်မာ့ရှေးဟောင်းအစဉ်အလာလိုဖြစ်ပါတယ်  ပွဲကျောင်းဆိုတာ science။ မင်းကျောင်းက art လို့ ခွဲလို့ရမှာပါ။ ပွဲကျောင်းဘုန်းကြီးတွေက မြို့ရွာတိုင်းမှာမရှိပါဘူး မြို့ကြီးတွေနဲ့ အမူတော်ထမ်းရွာတွေမှာပဲ ရှိတာပါ ကျန်တဲ့
 အသည်သားအစုရွာတွေမှာ သာမန်ဘုန်းကြီးကျောင်းပဲရှိပါတယ် အမှုတော်ထမ်းရွာဆိုတာ သေနတ်စု မြင်းစု ဆင်စု လှေတော်သားစု ကာစု လေးစု တို့လို မျိုးရိုးစဉ်ဆက် ဘုရင့်တပ်မတော်မှာ အမူထမ်း သောရွာတွေပါ ပွဲကျောင်းတွေကို ယေဘုယျ နှစ်မျိုးခွဲထားပါတယ်

#မင်းပွဲကျောင်း
==========
ဒါကတော့ မြို့ တော်တွေမှာရှိပါတယ် ပွဲကျောင်းအကြီးစားတွေပါ မင်းညီမင်းသား မူးမျိုးမတ်နွယ်တွေနဲ့ သူရဲစုသားတွေတက်ပါတယ် သင်ကြားပေးတာကတော့ ရိုးရိုးဘုန်းတော်ကြီးကျောင်းတွေလို စာပေကိုသင်ပေးပြီး သချာင်္ ဗေဒင် နက္ခတ်ဗေဒ ဆန်းကျမ်း လောကနီတိ စစ်သူရဲအမူအကျင့် ဆင်စီး မြင်းစီး ဓားရေး ၃၇ အဲမောင်းရေး၃၇ စစ်ချီစစ်ထိုးစစ်ခံစစ်ကပ်စစ်ခွာ စစ်ဗျူဟာများ လက်ဖွဲ့အင်းအိုင်ပညာ ဆေးဝါး လက်ဝှေ့ လက်ပန်း နပမ်း ဗန်တိုဗန်ရှည်လို ကိုယ်ခံပညာ နဲ့ လက်နက်ပြုလုပ် ပြုပြင်နည်း တွေသင်ပေးပါတယ် မင်းပွဲကျောင်းတွေကို အဂါဝါသီမပွဲကျောင်းလို့ သမိုင်းစာအုပ်တွေမှာမှတ်တမ်းတင်ကြပါတယ် ဒီပွဲကျောင်းကဆင်းလာတယ့်လူတော်တော်များများဟာ ဘုရင့်ရွှေတိုက်တော်စာရင်းဝင်တွေ ဖြစ်လာတတ်ကြပါတယ် စစ်ဘက်မှာ အနိမ့်ဆုံး ဗိုလ် ဗိုလ်မင်း ဗိုလ်ချုပ် ဗိုလ်မှူး စစ်သေနာပတိ စစ်သူကြီး တွေအထိရာထူးရှိခဲ့ပါတယ် အရပ်ဘက်မှာတော့ လက်ဝှေ့တော်သတ် ဆေးဆရာ အကြောကိုင်ဆရာ နဲ့ ပယောဂဆေးဆရာတွေဖြစ်လာပါတယ်

#အရပ်ပွဲကျောင်း
===========
ဒါကတော့ မြို့ကြီးရွာကြီးတွေနဲ့ အမူတော်ထမ်းရွာတွေမှာ ရှိပါတယ် စာပေနဲ့ ကိုယ်ခံပညာ အမူထမ်းစုအလိုက် အထူးပညာများ ဥပမာ လှေတော်သားစုဆို တက်ရေး၃၇ချင်း မြင်းစုဆို မြင်းကြန်အင် မြင်းဆေးကုနည်း
ဆင်စုဆို ချွန်းသီးသိုင်း လှံရှည်ကိုင်နည်း ဆင်ကြန် ဆင်ဆေးကုနည်း သေနတ်တော်သားစုဆို ယမ်းလုပ်နည်း ယမ်းစပ်နည်း သေနတ်ပစ်နည်း လေးတော်သားစုဆို လေးပစ်နည်းခြောက်ခု လေးကိုင်းလေးကြိုးလုပ်နည်း ကာစုဆို လက်နက်မဲ့ကိုယ်ခံပညာ ကာရေး၃၇ချင်း ဒီလိုမျိုး အထူးပြုသင်ကြားပေးပါတယ် အရမ်းထူးချွန်တယ့် ကျောင်းသားတွေကို ဆရာတော်တွေက မင်းပွဲကျောင်းကို သွားရောက်သင်ကြားဖို့စေလွှတ်ပါတယ်

#ပွဲကျောင်းသားများ
============
ပွဲကျောင်းသားတွေက အရပ်ထဲမှာ နဲနဲတော့ လူအမြင်ကပ်တယ်ဟဲဟဲ ဘာဖြစ်လို့ဆိုတော့ လူပျိုပေါက်ဆိုတော့ ပညာလေးလဲတတ် သွေးလေးကကြွ ဆိုတော့ ရန်များတတ်လို့လေ ဒါပေမယ့် ပွဲကျောင်းသားတွေက အခုခေတ်စကားနဲ့ဆို ဆော်ကြည်တယ် သူတို့က ဂီတပညာလဲသင်ထားတာဆိုတော့ တူရိယာတွေကို မင်းကျောင်းသားတွေထက် ကျွမ်းကျင်အောင်တီးတတ်တယ် သျှတ္တရကျမ်းတွေသင်ထားတော့ အထာနပ်တယ် ကိုယ်ခံပညာသင်ထားတော့ ဘာပဲပြောပြော ထွားကျိုင်းတော့ အခုခေတ် body manတွေလိုပေါ့
တန်ဆောင်မုန်းလပြည့် နက္ခတ်သဘင်ပွဲ ကျီးမနိုးပွဲတွေဆို ပွဲကျောင်းသားတွေ အရမ်းပျော်ကြတယ် အင်းအိုင်တွေလုပ် ဆေးဝါးအစီအရင်တွေစမ်း နဲ့ သောင်းကျန်းတတ်ပါတယ် သူတို့ဆရာတော်ကိုတော့ အသားကုန်ကြောက်တတ်ပါတယ်
ကြောက်မယ်ဆိုလဲ ကြောက်လောက်ပါတယ် ပွဲကျောင်းဘုန်းကြီးဆရာတော်တွေက အရမ်းထူးချွန်ပါတယ် ကိုယ်ခံပညာကနေ လောကီပညာအားလုံးကိုတတ်ပါတယ် စာအုပ်တစ်ခုမှာကျနော် ဖတ်မိတာရှိပါတယ် တစ်နေ့ကျ ပွဲကျောင်းသားတွေ လက်ဝှေ့ရေး ကျင့်နေတော့ ကျောင်းတိုင်တွေကို အုန်းဆံအဝတ်ပတ်ပြီး ခေါင်းတိုက်လေ့ကျင့်နေပါတယ် ပွဲကျောင်းသား ဆယ်ယောက်ကျော်တိုက်တာ ကျောင်းကြီးက တုတ်တုတ်တောင်မလှုပ်တော့ သင်ပေးနေတယ့် ဦးဇင်းက ခဏရပ်ပြီးဆူပါတယ် ဆူနေတုန်းလေးတင် ကျောင်းပေါ်က ကျောင်းထိုင်ဆရာတော်က ကွမ်းလေးမြုံ့ပြီး အပေါ်က ကျောင်းတိုင်ကို ခေါင်းနဲ့တိုက်ပြတော့ ကျောင်းကြီးတုန်တုန်သွားတော့ လက်ဝှေ့ဆရာ က မောင်ကျောင်းသားတို့တွေလား မင်းတို့တိုက်တာအားမရလို့ ဆရာတော်တိုက်ပြနေတာ ဒါတောင် မင်းတို့လို အုန်းဆံအဝတ်ပတ်ထားတာမဟုတ်ဘူး ဗလာချီ တိုက်ပြတာ လို့ပြောမှ ပွဲကျောင်းသားတွေက တစ်ဦးထက်တစ်ဦး အားရပါးရတိုက်ကြတော့မှ ကျောင်းထိုင်ဆရာတော်က မိန့်မိန့်ကြီးပြုံးတော်မူပါတယ် ဒီလိုသဘောပါပဲ ပွဲကျောင်းသားတွေရဲ့ လေ့ကျင့်ခန်းတွေက ပြင်းထန်ပင်ပန်းပါတယ် ဒါပေမယ့် ဆရာတော်တွေက ဒီထက်မကရှေ့ကနေလုပ်ပြနိုင်ပါတယ်

#ပွဲကျောင်းဆရာတော်များ
================
ပွဲကျောင်းဆရာတော်များဟာ ဇာတ်လမ်းတွေထဲကလို အရည်းကြီးတွေမဟုတ်ပါဘူး(အရည်းကြီးဆိုတာ ပုဂံခေတ်မှာမရှိခဲ့တာကို လက်ရှိသမိုင်းသုတေသီတွေပြန်ဖော်ထုတ်ထားပါတယ် အရည်းကြီးဝေါဟာရက အင်းဝခေတ် မှာစတွေ့ရပြီး ပွဲကျောင်းဆရာတော်တွေရဲ့ အရညမဝါသီ တောမှီပုဂ္ဂိုလ်ဆိုတာကိုပြောတာပါ ဦးကုလားရာဇဝင်ထဲကလို ပန်းဦးဆက် ရေငုပ်တုံးခုန်ဇယ်ခတ်ဆိုတာ မြန်မာပြည်မှာမရှိခဲ့ပါဘူး ဇင်းမယ်နဲ့ ပဉ္စပူရီ(ပိသလောက်)ဘက်က ဗုဒ္ဓဘာသာနဲ့ ခမာဘက်ကဝင်တယ့် ဟိန္ဒူ ဘာသာရောပြီးထူထောင်တယ့် ဂိုဏ်းတွေမှာတော့ရှိတယ်) မြန်မာနိုင်ငံက ပွဲကျောင်းဆရာတော်တွေက အကျင့်သီလရှိတယ့်ဆရာတော်တွေပါ ဝိနည်းနဲ့အချို့နေရာမညီပေမယ့် အမျိုးဘာသာအတွက် အချို့ပညာတွေသင်ပေးပါတယ် ပွဲကျောင်းဘုန်းတော်ကြီးများဟာ အခြားဘုန်းတော်ကြီးများလို ဆွမ်းခံပါတယ် သာသနာရေးအလုပ်တွေနဲ့ တရားဘာဝနာ ဝိပသနာ အားထုတ်ပါတယ် အရက်သေစာ မာတုဂါမ ဝတ္တု ငွေ မကိုင်ကြပါဘူး နားမလည်မသိသူတွေက ပွဲကျောင်းဘုန်းတော်ကြီး များကို အကျင့်သီလမရှိသူများလို့မှတ်မှာ စိုးလို့ဒါကိုရေးသားတာပါ

#ပွဲကျောင်းပညာများ
============
ပွဲကျောင်းပညာရပ်များဟာ ယနေ့ခေတ်မှာပျောက်ကွယ်သွားကြပါပြီ အချို့ပညာရပ်များသာကျန်ခဲ့ပါတယ် ဒါတွေကတော့ ဗန်တိုဗန်ရှည် လက်ဝှေ့ ဗေဒင်နက္ခတ်ဆန်းကျမ်းပညာ တိုင်းရင်းဆေးပညာအချို့ ပဲဖြစ်ပါတယ် ပျောက်ကွယ်သွားတယ့်ပညာရပ် တွေကအများကြီးပါ မြန်မာ့ဓားရေးလှံရေး တုတ်သိုင်းပညာတွေ မြန်မာ့စစ်ပညာတွေနဲ့ မင်သေ့မင်ကြောင်ပညာ လက်နက်နည်းပညာ ဆင်စီးမြင်းစီး ဆင်ကြန်မြင်းကြန် လှေရေးတက်ရေး ယန္တရားပညာ နဲ့အခြားမြန်မာ့ရှေးပညာတွေပါ ပွဲကျောင်းပညာတွေပျက်သုဉ်းခဲ့ရတာ အဓိကတရားခံကတော့ နယ်ချဲ့ဗြိတိသျှ တွေကြောင့်ပါ နယ်ချဲ့တော်လှန်ရေးတိုက်ပွဲတွေမှာ ပွဲကျောင်းတွေဖျက်ဆီးခံရတာ ပွဲကျောင်းဆရာတော်တွေအသတ်ခံရတာရယ် တစ်မျိုးသားလုံးကျွန်စိတ်သွင်းခံရတာကြောင့် ပွဲကျောင်းများ ပျက်သုဉ်းခဲ့ပါတယ်

#ပျံချီ
#MNJ

(#စစ်မှတ်တမ်း_Page_မှကူးယူဖော်ပြသည်)

No comments:

Post a Comment