Tuesday, July 16, 2019

သမိုင်းထဲက ဒဏ္ဏာရီ.. ဒဏ္ဏာရီထဲက ပုဂံ (#အပိုင်း၁)

သမိုင်းထဲက ဒဏ္ဏာရီ.. ဒဏ္ဏာရီထဲက ပုဂံ (#အပိုင်း၁)
==============================

(အနော်ရထာ နှင့် ပဉ္စကလျာဏီ)
________________
   
        အနော်ရထာ မင်းမပြုမှီ ဖခင်ကြောင်းဖြူမင်းအား ရဟန်း အတင်းအကျပ် ဝတ်စေ၍ နန်းချခဲ့သော နောင်တော် ကျည်းဆို နှင့် စုက္ကတေးတို့ တွင် ကျည်းဆို မင်းပြုလေသည်။အဆိုပါမင်းလည်း တောကစားထွက်ရာ ချင်းတွင်းညွန်တန်အရပ်တွင် တဲဆောက်၍ ဗန်ကျီဆယ်ရွာတိုက်တွင် နေ့ညမပြတ် သမင်ကစားတော်မူသည်။

တစ်ချိန်တွင် မုဆိုးတစ်ဦးသည် သမင်ရေသောက်ချိန်ကိုစောင့်မျှော်လေရာ မင်းကြီးရောက်လာ၍ သမင်လန့်ပြေးသော် မုဆိုးလည်း ဒေါသဖြစ်ပြီး မင်းမှန်းမသိ၍ မြှားဖြင့်ပစ်လေရာ ကျည်းဆိုမင်း နတ်ရွာစံလေသည်။ထိုမင်းသည် မင်းစည်းစိမ်(၆) နှစ်၊သက်တော် (၂၇) နှစ် ဖြစ်သည်။ထိုမင်းနတ်ရွာစံချိန်တွင် နန်းတော်တွင် ဘီလူး ရယ်၍ လဝက်တိုင်တိုင် အုတ်ခဲဖြင့်ပစ်လေ၏။

           ထိုမှတစ်ဖန် စုက္ကတေးမင်း မင်းပြုလေ၏။အနော်ရထာသည်လည်းမိခင်၊ဖခင်တို့နှင့်အတူနေပြီးမိခင်သည်လည်း ဖခင်အားအလုပ်အကျွေးပြုရင်း နေ၏။အနော်ရထာသည် နောင်တော်စုက္ကတေးထံ ခစားလေ၏။

တစ်ခါသော် နောင်တော်စုက္ကတေးသည် အနော်ရထာအား (ညီသား နောင်မယ်)ဟုခေါ်လေရာ ထိုအကြောင်းကို ဖခင်ကြောင်းဖြူမင်းအား လျှောက်လေရာ ဖခင်မှ အမောင့် မိခင်အား ယူလို၍ သုံးနူံးကြောင်းရှင်းပြလေရာ အနော်ရထာလည်း ကြီးစွာ အမျက်ထွက်၍ ဖခင်ထံမှ သိကြားမင်းပေးအပ်သော အရိန္ဒမာလှံ၊သီလဝံသဓား၊ပတ္တမြားလက်စွပ်၊ပတ္တမြား ခေါင်းပေါင်းနှင့်တစ်ကွ စီးတော်မြင်းအား ဆောင်ယူ၍ ပုပ္ပါးအရပ်သို့ထွက်၍ လူသူစုဆောင်းလေ၏။

မယ်တော်ကား စုက္ကတေးမှ မိဖုရားမြှောက်လေ၏။လူသူပြည့်စုံသော် အနော်ရထာသည် ပုဂံသို့စစ်ချီလာ၍ နောင်တော်စုက္ကတေးအား နန်းကိုပေးမည်လော၊စစ်ပြုမည်လောဟု တမန်တော်ပါးလေသည်။စုက္ကတေးလည်း ပြင်းစွာမျက်ထွက်၍ “ချင်းမျှတည်းသည် ခံတွင်းတွင်မျှ နို့ဖတ် မစင်သေးသူဖြစ်လျှက် ငါ့ကိုတိုက်မည်ဆိုသော် အမတ် ဗိုလ်ပါတို့ ကြည့်၍သာနေစေ။ငါနှင့် မြင်းတစ်စီးချင်းတိုက်မည်"ဟု မှာလိုက်လေတော့သည်။

ချိန်းဆိုရက်ရောက်သော် အနော်ရထာလည်း သမထီးချောင်းသို့ စီးချင်းထိုးရန် ထွက်လာလေတော့သည်။နောင်တော်စုက္ကတေးမှ ညီတော်အနော်ရထာအား ဆီး၍ကြို၏။အနော်ရထာမှ " နောင်တော် ငါ့ထက်ကြီးသူဖြစ်၍ အလျင်ထိုးလေဟု မိန့်တော်မူ၏ "

စုက္ကတေးမှ လှံဖြင့်ထိုးသော် အနော်ရထာအားမထိဘဲ မြင်းဦးခေါင်းသို့သာထိလေသော် လွန်စွာ ကြောက်ရွံ့နေစဉ် အနော်ရထာမှ အရိန္ဒမာလှံ ဖြင့်ထိုးလေရာ ခန္ဓာကိုယ် ထုတ်ချင်းပေါက်၍သွားလေတော့သည်။စုက္ကတေးလည်း မြင်းနှင့်တစ်ကွ မြစ်နားသို့ ပါ၍ နတ်ရွာစံလေတော့သည်။ထိုအရပ်အား ယနေ့တိုင် (မြင်းကပါ)အရပ် ဟုခေါ်တွင်လေတော့သည်။ထိုမင်းကား မင်းစည်းစိမ် (၂၅)နှစ်၊သက်တော် (၅၂)နှစ်ဖြစ်သည်။

      မယ်တော်လည်း ထိုသတင်းကြားသော် ရင်ဝတ်မျှမကပ် ပုတ္တလုလင်ဟု ခေါ်ဝေါ်မြည်တမ်းလေသည်။ထိုအရပ်တွင် ဘုရားတည်တော်မူလေသည်။နောက်သော် ထိုဘုရားအား (ပုတ္တလုလင်)ဟု အမည်တွင်ပြီး၊မယ်တော် ရင်ဝတ်ကျွတ်ရာ အရပ်တွင်လည်း (ရင်ဝတ်ကျွတ်)ဟု ခေါ်တွင်လေတော့သည်။

အနော်ရထာလည်း ခမည်းတော်အား မင်းပြုပါရန် လျှောက်ထားသော် အသက်အရွယ်ကြီးမြင့်လာပြီဖြစ်သဖြင့် ငြင်းဆို၍ ပုဂံမင်းဆက် (၄၂)ဆက်အဖြစ် အနော်ရထာမင်းပြုလေသည်။အနော်ရထာသည် နောင်တော်အား သတ်မိသဖြင့် (၆)လတိုင်တိုင် အိပ်မပျော်ဘဲ ရှိလေတော့သည်။

ထိုစဉ် သိကြားမင်းမှ နောင်တော်အားပြစ်မှားမိသော ခေါင်းပါးစေလိုသော် ဘုရား၊ဂူ၊ကျောင်း၊တန်ဆောင်း၊ဇရပ်တို့ကိုများစွာပြု၍ နောင်တော်အားအမျှပေးဝေပါ။ထိုမှတစ်ပါး ရေတွင်း၊ရေကန်၊ဆည်မြောင်း၊လယ်၊ချောင်းတို့ကို များစွာပြု၍ နောင်တော်အား ပေးဝေပါဟု အိမ်မက်တွင်ပြောကြားလေတော့သည်။

       အနော်ရထာသည် စောလူးမယ်တော်မှတစ်ပါး ငါနှင့်ထိုက်တန်သော မင်းသမီးကို ရှာချေဟု အမတ်ရာဇတမန်ကို လက်ဆောင် ပဏ္ဏာများနှင့် စေပါးလေတော့သည်။

အမတ်ရာဇတမန်လည်း မင်းနှင့်ထိုက်တန်သော သူအားရှာဖွေရာ မဇျွိမတိုက်တွင်ရှိသော ဝေသာလီပြည်တွင် မင်းပြုသောမင်း၌ သမီးတော် ၇ ပါးရှိလေရာ အကြီးဆုံး သင်္ဃမိတ္တမင်းသမီးသည် ရဟန်းမိန်းမ အပေါင်းနှင့် တစ်ခုသောဥယာဉ်ဝယ် သီတင်းသုံး လေ၏။

ထိုရဟန်းအစ်မ စိုက်ပျိုးသော ဥသျှစ်ပင်တွင် စဥ့်အိုးမျှရှိသော အသီးတစ်လုံးသီးလေသည်။

ရင့်မာ၍ကြွေကျလေသော် အဆင်းအင်္ဂါနှင့်ပြည့်စုံသော သတို့သမီးကို ရလေသည်။ထိုရဟန်းမိန်းမတို့လည်း မင်းကြီးအား ဆက်သလေသော် သားတော်အိမ်ရှေ့မင်း ဆင်ဖြူရှင်နှင့်စုံဖက်စေ၍ ရုစိရပဘာဝတီဟု ခေါ်တွင်စေသည်။

များမကြာမီ ပဉ္စကလျာဏီ မင်းသမီးကို ဖွားမြင်လေသည်။အဆင်းအင်္ဂါဖြင့်ပြည်စုံသည်ဖြစ်၍ တပင်တိုင်ပြာသာဒ် နှင့်ထားလေသည်။ထိုအကြောင်းကို ရာဇတမန်အမတ်ကြားလေသော် ဝေသာလီပြည်သို့ သွားပြီးလျှင် လက်ဆောင်ပဏ္ဏများဖြင့် ပေါက္ကာရာမပြည်ကို အစိုးရသော အနော်ရထာတွင် မိဖုရားမရှိသဖြင့် ပဉ္စကလျာဏီ မင်းသမီးကိုလာတောင်းသည်ကြာင်း လျှောက်တင်လေ၏။

ဝေသာလီ မင်းလည်း အနော်ရထာမှ စေလွှတ်သည်ဖြစ်သောကြောင့် မပေးမနေသာဘဲ အခြွေအရံကိုယ်လုပ်တော် ၈ ကျိပ်နှင့်တစ်ကွ ပဉ္စကလျာဏီ မင်းသမီးကို ဝေါတွင်တင်၍ ပေးလေတော့သည်။ရာဇတမန်အမတ်လည်း ယူဆောင်လာလေတော့သည်။

          ထိုမင်းသမီးကို မြင်ပြီးသော် ရာဇတမန်အမတ်သည် မရပ်တည်နိုင်သည်ဖြစ်၍ တစ်ရက်၌ သံဝါသဖြစ်ကြလေသည်။ရာဇတမန်အမတ်လည်း အခြွေအရံများမှ မင်းအားလျှောက်လေသော် မင်းဘေးသင့်၍ ပျက်စီးမည်ကိုကြောက်သဖြင့် အခြွေအရံများအားတစ်မြို့တစ်ယောက်၊တစ်ရွာတစ်ယောက်ထားခဲ့လေရာ ဓညဝတီသို့ရောက်လာလေ၏။

အနော်ရထာလည်း စစ်အင်္ဂါလေးပါးနှင့်တစ်ကွကြိုလေသည်။ရာဇတမန်လည်း မင်းသမီးအားထားခဲ့ပြီး ဝေသာလီမင်း၏ သမီးအရင်းမဟုတ်ဟု လျှောက်တင်လေရာ အနော်ရထာလည်း ဤသို့ လက္ခဏာမစုံသော မိန်းမကို မယူလိုဟု ပြန်တော်မူလေသည်။ထိုအရပ်အား (မင်းပြန်တောင်)ဟု ယခုတိုင်တွင်လေတော့သည်။

အနော်ရထာသည် မေးမြန်းစီစစ်တော်မမူဘဲ ရာဇတမန် လျှောက်သောစကားကိုယုံ၍ " ငါသို့သော မင်းကို မိမိသမီးအားမဆက်၊ကျွန်သမီးကို ဆက်သည်ဟု "အမျက်ထွက်ကာ ပဉ္စကလျှာဏီ မင်းသမီးအား ပရိမ္မ အရပ်မှာ ထားစေဟု မိန့်တော်မူလေသည်။

ရာဇတမန်လည်း အနော်ရထာအား ကြောက်ရွံ့သည်ဖြစ်၍ ပရိမ္မ အရပ်တွင် တောင်သူကြီးကိုအပ်၍ ထားလေသည်။တောင်သူကြီးလည်း သမီးအရင်းကဲ့သို့ ချစ်မြတ်နိုး၍ ကျွေးမွေးပြုစုထားလေသည်။တစ်ခါသော် တောင်သူကြီးလယ်၌ မင်းသမီးသည် တဲတင်းကုပ်တွင် ယာစောင့်နေစဉ် နဂါးလုလင်တစ်ဦး လူယောင်ဖန်းဆင်း၍ မင်းသမီးနှင့် ချစ်ကြိုက်ပြီးသံဝါသ ပြုကြလေသည်။

ကာလကြာသော် ပဉ္စကလျှာဏီ၌ ပဋိသန္ဓေတည်လေတော့သည်။ပဋိသန္ဓေ နေစဉ် မြေငလျှင် ကြီးစွာလူပ်လေတော့သည်။

     အနော်ရထာမင်းလည်း ထိုမြေငလျှင်လူပ်သော အကြောင်းအား ဟူးရားဖြူ၊ဟူးရားညိုတို့အား မေးမြန်းလေရာ အရှင်မင်းကြီးနောက်၌ နန်းပြုမည့်သူသည် မြောက်အရပ်တွင် ပဋိသန္ဓေနေလေပြီဟုလျှောက်တင်လေရာ အနော်ရထာလည်း မြောက်အရပ်တွင် သန္ဓေရှိသော မိန်းမတို့အားစစ်၍သတ်လေသည်။

(ခုနှစ်ထောင်ကျော်သည်ဟု အဆိုရှိလေသည်)။ဟူးရားဖြူ/ညိုတို့အား သေပြီလောဟုမေးလေရာ ဖွားမြင်၍ နို့စို့အရွယ်ရောက်လေပြီဟု လျှောက်လေရာ သူငယ်နို့စို့ပုခက်တွင်းကို စစ်၍သတ်ပြန်သည်။

(ခြောက်ထောင်ကျော်သေသည်ဆို၏)။သေပြီလောဟု မေးပြန်လေရာ နွားကျောင်းသားအရွယ်ရှိပြီဟု လျှောက်တင်လေရာ နွားကျောင်းသားအရွယ်များအား စစ်၍သတ်ပြန်သည်။(ငါးထောင်ကျော် သေသည်ဆို၏)။အနော်ရထာမင်း သတ်သည့်အခါတိုင်း၌ ဖခင်နဂါးမင်းက ဝှက်၍ထားသောကြောင့် ဖြစ်သည်ဟုဆိုလေသည်။

             ထိုသို့ သတ်ရာသို့မပါ ကျန်ရစ်သည်ကိုအကြောင်းပြု၍ ကျန်ရစ်သား၊ကြန်အင်္ဂါ လက္ခဏာနှင့်ပြည့်စုံသည်ကိုအကြောင်းပြု၍ ကြန်စစ်သား၊ပရိမ္မအရပ်မှာ မွေးဖွားသောကြောင့် ပရိမ်စစ်သား၊ရေတိုက်ရာတွင် စက်ထွက်၍ ကယားလန်သည်ကို အကြောင်းပြု၍ ကယားလန်စစ်သား၊ငထီးလိုင် ရွာသူကြီးအရှင် ဖြစ်သည်ကို အကြောင်းပြု၍ ထီးလိုင်ရှင် ဟု အမျိုးမျိုးခေါ်ဝေါ်ကြလေရာ မြန်မာရာဇဝင်၌ ကျန်စစ်သားဟုသာ သိကြလေတော့သည်။မယ်တော် ပဉ္စကလျာဏီသည် သားတော်အား မင်းကြီးဆရာတော်ထံအပ်၍ ရဟန်းပြုစေ၏။

အနော်ရထာ လည်း ရှေးနည်းတူမေးပြန်၏။ထိုစဉ် ဟူးရားဖြူ/ညိုတို့လည်း ရဟန်းပြုလေပြီဟု လျှောက်တင်လေရာ အနော်ရထာလည်း မည်သို့သိနိုင်သည်ဟုမေးသော် ဆွမ်းပင့်၍ ကျွေးတော်မူပါ ကရားဖြင့်ရေတိုက်တော်မူလျှင် မင်းဖြစ်မည့်သူသည် အာခံတွင်းမှ စက်ပြောင်ပြောင်အရောင် ထွက်လိမ့်မည်ဟု ပြန်လည် လျှောက်တင်လေ၏။

အနော်ရထာလည်း ရဟန်းအပေါင်းတို့အား အစဉ်တိုင်းပြု၍ နေ့စဉ် ဆွမ်းလုပ်ကျွေးပြုလေရာ ကျန်စစ်သားအလှည့်သို့ရောက်လေ၏ ဆွမ်းစားပြီး၍ ကရားဖြင့်ရေတိုက်လေရာ အာခံတွင်းမှ စက်ပြောင်ပြောင်အရောင်ကို မြင်လေသော် အနော်ရထာလည်းလန့်၍ ကယားလန်လေသည်။ထိုစဉ် အနော်ရထာလည်း "ရဟန်းကား မသတ်ကောင်း၊မပြစ်မှားကောင်းဟု"ဆိုလေသည်။

           အနော်ရထာလည်း "ငါ့စည်းစိမ်လုမည့်သူလောဟု"ဟူးရားဖြူ/ညိုတို့အား ပြန်လည်တွက်ချက်စေလေရာ အရှင်မင်းကြီး နောက်တဆက်လွန်မှ မင်းဖြစ်လတံ့ဟု လျှောက်တင်လေရာ အနော်ရထာလည်း ငါ့နောက်တစ်ဆက်လွန်မှကို ခွေးပင်ပြုလိုပြု၊ဝက်ပင်ပြုလိုပြုစေ။ငါ့စည်းစိမ်လုမည်ဟု အမှတ်နှင့် များစွာသော အသက်တို့ကို ငါသတ်မိပြီဟု ပြီးစွာသော ထိတ်လန့်၊တုန်လူပ်ခြင်းသို့ ရောက်လေတော့သည်။

(အပိုင်း၂ ဆက်ရန်...)
_________________
#မှတ်ချက်။   ။ဦးကုလား မဟာရာဇဝင်ကြီး နှင့် အမျိုးသားပညာဝန် ဦးဖိုးကျားတို့မှ ကောက်နူတ်၍ ကူးယူဖော်ပြပါသည်။

သမိုင်းထဲကဒဏ္ဍာရီ
ဒဏ္ဍာရီထဲကပုဂံ
___________
(အပိုင်း၂)
အနော်ရထာနှင့်ဗျဝိဗျတ္တ.....

အပိုင်း(၃)
အနော်ရထာနှင့်နတ်စစ်သည်လေးဦး

အပိုင်း(၄)
အနော်ရထာနှင့်
ဒွတ္တဘောင်မင်းကြီး

#Credit_Org

No comments:

Post a Comment