#မြန်မာ့နန်းတွင်းရာထူးစနစ် (သို့) #လက်ဝဲလက်ယာစနစ်
===================================
သမိုင်းရာဇဝင်ကိုအတော်အတန် တီးခေါက်မိသောသူတို့သည်လည်းကောင်း ကိုရီးယား နန်းတွင်းကားကြည့်သူများ သည်လည်းကောင်း ၄င်းတို့ဖတ်သောစာပေ ကြည့်သောရုပ်ရှင်များထဲတွင် လက်ဝဲအမတ်ကြီးဘယ်သူ လက်ယာအမတ်ကြီးဘယ်သူ လက်ဝဲတပ်မင်း လက်ယာတပ်မင်း စသောစကားလုံးများသည် အတန်ငယ်ရင်းနှီးမှုရှိမည်။ လက်ဝဲ လက်ယာ ဟူသည်မှာ အဘယ်နည်း။ ၄င်းစနစ်သည်မည်သို့ဖွဲ့စည်းပုံဖြင့်ထားသနည်း။ ရာထူးအဆင့်နှင့်အဆောင်အယောင်ကို မည်သို့ခွဲခြားထားသနည်း။ ထိုအချက်များအား ကျွန်တော်နဲ့အတူလေ့လာကြပါစို့။
#လက်ဝဲလက်ယာစနစ်
*******************
ယနေ့ခေတ်တွင် လက်ဝဲ လက်ယာ ဆိုသည်နှင့် ကွန်မြူ နစ်နှင့်အရင်းရှင်ဟုအဓိပ္ပာယ်ရသည်။ ဥရောပအယူအဆအရ လက်ဝဲသည် မဝါဒီ လက်ယာသည် ဖိုဝါဒီဟု စွဲမှတ်ထားပြီး မဟာဖိုဝါဒီစနစ်ကြီးသော ခရစ်ယန်သာသာနာနှင့်ကျောင်းတော်သည် မကောင်းသောအရာမှန်သမျှသည် မဝါဒီကြောင့်ဆိုကာ မကောင်းသည့်အယူအဆ ဝါဒ လုပ်ရပ်တို့ကို လက်ဝဲဝါဒ ဟုခေါ်တွင်သည်။ မင်းမဲ့ဝါဒီ(အနာခီ) ဘုံဝါဒ(ကွန်မြူ နစ်ဇင်) တို့အား လက်ဝဲဝါဒီ လက်ဝဲစွန်းများဟုသတ်မှတ်ကြသည်။ မာဖီးယားဂိုဏ်းတို့၏ အခေါ်အဝေါ်တွင်ပင် ညာလက်ရုံးသည် second in command အဖြစ် ပညာတတ်ရှေ့နေလူယုံကိုထားကာ ဘယ်လက်ရုံးဟူသည်က သတ်ရဲဖြတ်ရဲသည့် လူမိုက် (Hit man) အဖြစ်ထားသည်။အထက်ပါအချက်တို့သည် ဥရောပ၏ တွေးခေါ်မှုမှဖြစ်လာသောအတွေးအမြင်ပုံစံဖြစ်သည်။ သို့သော် အာရှတွင်ကား အထူးသဖြင့် ဗုဒ္ဓဘာသာကိုးကွယ်သည့်နိုင်ငံများတွင် လက်ဝဲ လက်ယာ ဟူသည် အခြားသောအဓိပ္ပာယ်ကိုဆောင်သည်။
ကျွန်တော်တို့၏ ဗုဒ္ဓမြတ်စွာဘုရားသာသနာတော် တွင် လက်ယာရံ လက်ဝဲရံ မထေရ်မြတ်နှစ်ပါးသည် အထင်ရှားဆုံးပေးရမည့် ဥပမာဖြစ်သည်။ လက်ယာသည် ပညာကိုရည်ညွှန်းပြီး လက်ဝဲသည် တန်ခိုးတေဇာကို ရည်ညွှန်းလေသည်။ ဆရာတော်ကြီးများ၏တရားများကို နာယူရာတွင် တရားထိုင်စဉ် ဝဲလက်ပေါ်သို့ညာလက်ထပ်ကာထိုင်ရသည်ကို သတိထားမိသည်။ တန်ခိုးကို ဥာဏ်ဖြင့်အုပ်ရမည်ဟူသော မြတ်စွာဘုရား၏အဆုံးအမကြောင့် ထိုသို့ လက်နေရာချရမည်ကို သိရှိရသည်။ အာရှနိုင်ငံများဖြစ်သည့် အိန္ဒိယ တရုတ် ဂျပန် ကိုရီးယား မြန်မာ ထိုင်း ဗီယက်နမ် သီရီလင်္ကာ နီပေါ ဘူတန် တို့၏ ရှေးမြေရှင်ပဒေသရာဇ်စနစ် ဘုရင်များလက်ထက်တွင် ထိုစနစ်သည် နိုင်ငံတိုင်းအသုံးပြုကြောင်း မှတ်တမ်းများအရ သိရှိရသည်။
#ရာထူးအဆင့်အတန်းသတ်မှတ်ပုံ
*************************
မြန်မာစကားပုံတွင်လူသိများသောစကားပုံတစ်ခုရှိသည်။ ထိုစကားပုံမှာ "ဒူးနေရာဒူး တော်နေရာတော်" ဟူသောစကားပုံဖြစ်သည်။ ကိုယ့်အဆင့်ကိုယ်သိ ကိုယ့်နေရာကိုယ်နေဟူသောသဘောဆောင်သည်။ ထိုစကားပုံသည်ကား နန်းတွင်းရာထူးအဆင့်အတန်းမှဆင်းသက်လာခြင်းဖြစ်သည်။ မြန်မာ့နန်းတွင်းအရာရှိကြီးများ၏ ရာထူးအဆင့်အား တော် ဒူး စနည်း အတွင်းဘဝေါ အပြင်ဘဝေါ ဟူ၍ ငါးဆင့်ခွဲခြားထားသည်။ အထူးသဖြင့် သီဟာသနပလ္လင်ထားရာ မြေနန်းဆောင်တွင် နေ့စဉ် ညီလာခံပြုလုပ်ရာတွင် မြေနန်းဆောင်၏ပုံစံနှင့်အညီ ဖွဲ့စည်းထားသည်။ တိုင်လုံးနှစ်လုံးကြား တစ်ကန့်စီအား ထိုသို့နေရာသတ်မှတ်ထားခြင်းဖြစ်သည်။ နေရာတစ်ခုတွင် ၁၆ ယောက် (၈ယောက်နှစ်တန်း) ထိုင်နိုင်ပြီး တော်နေရာမှသည် အပြင်ဘဝေါနေရာအထိ လက်ဝဲအမတ် ၈၀ လက်ယာအမတ် ၈၀ စုစုပေါင်း နန်းတွင်းအရာရှိကြီး ၁၆၀ အတွက် နေရာချထားသည်။ ထိုင်ရာတွင် ခုံများဖြင့်မဟုတ်ဘဲ ဖျာများဖြင့်ထိုင်ရသည်။ ဖျာချောတစ်ထပ် ကော်ဇောတစ်ထပ်ခင်းကားထိုင်ရခြင်းဖြစ်သည်။ ထိုသို့ထိုင်ရာတွင် ဖျာများမလန်စေရန် ထောင့်လေးဖက်အား လှပစွာထွင်းထုထားသော ကျောက်တုံးများဖြင့်ဖိထားကြသည်။ ထိုကျောက်များကို လန်ဖိကျောက်ဟုခေါ်သည်။
နေရာတစ်ခုစီတိုင်းတွင် ဦးဟူသော နေရာလည်းရှိသည်။(ဥပမာ လက်ဝဲတော်ဦး လက်ယာတော်ဦီး) နေရာသည်ကား မင်းလမ်းနှင့်ကပ်လျက် ဘုရင်နှင့်အနီးဆုံးအစွန်နေရာ ဖြစ်သည်။ လက်ဝဲအမတ်များ၌လက်ယာအစွန်ထောင့် လက်ယာအမတ်များအတွက် လက်ဝဲအစွန်ထောင့်နေရာဖြစ်သည်။ဦးနေရာတွင်ထိုင်ရသောအမတ်သည် ထိုနေရာတွင် ရာထူးအမြင့်ဆုံး ဘုရင်နှင့်ပိုရင်းနှီးသော အရာရှိကြီး ဟု သတ်မှတ်ထားသည်။ နံနက်ညီလာခံ ညညီလာခံတက်ရာတွင် အရာရှိကြီးများသည် ဘုရင်ချီးမြင့်သော ကွမ်းကလပ် ရေတကောင်း မှီအုံး ယပ် ဖလား အစရှိသော မင်းပေးအဆောင်အယောင်များအပြင် ချီးမြင့်သော လက်ဝတ်ရတနာများပါဝတ်ဆင်၍ ညီလာခံတက်ရသည်။ အရာရှိကြီးတစ်ဦးစီတွင် အနည်းဆုံးအဆောင်အယောင်ပစ္စည်း ငါးခုမှ အခု ၂၀ အထိရှိတတ်သည်။ ရာထူးကြီးလေအဆောင်အယောင်များလေဖြစ်သည်။ မိတ်ဆွေတို့ထဲမှ အချို့ပေါက်ပေါက်ရှာရှာမေးမည့်သူများရှိတတ်သည်။ ထိုသူတို့စိတ်ထဲတွင် အော် အရာရှိကြီးတွေ အစည်းအဝေးလာတက်တာ အိမ်ပြောင်းနေသလိုပဲ ကြည့်လို့တော့အတော်ကောင်းမယ် ကွမ်းကလပ်ကြီးရွက် ထွေးခံကြီးပိုက်ပြီးလာသည် ဟုတွေးနေလိမ့်မည်။ ထိုအထင်သည် တက်တက်စင်အောင်လွဲလေသည်။ အရာရှိကြီးများရုံးတက်သောအခါ ၄င်းတို့၏ဘေးတွင် အပါးတော်မြဲ တစ်ဦးမှလေးဦးပါဝင်ပြီး အဆောင်ကိုင်လုလင်ဟုခေါ်သည့် ပစ္စည်းသယ်သောမင်းလုလင်များ အစုံအလင်ပါသည်။
နေရာတွင် ရာထူးအနိမ့်အမြင့်သည် ဘုရင့်နှင့်အနီးအဝေးပေါ်မူတည်သည်။ ဘုရင့်နှင့်နီးသော ရှေ့တန်းသည် မင်းလမ်းမှသည် တစ်ဖက်စွန်းအထိ ရာထူးအမြင့်မှအနိမ့်စီထားခြင်းဖြစ်သည်။ အလွယ်ဆိုသော် ဦးနေရာ၏ဘေးမှစကာစီခြင်းဖြစ်သည်။ တော်နေရာ၏ ရာထူးအနိမ့်ဆုံးအမတ်သည် ဒူးနေရာဦးတွင်ရှိသော အမတ်ထက်ရာထူးမြင့်သည်။ ထိုနေရာတွင် သူ့ဟာသူ ဦးမကလို့ အွတ်ဖြစ်နေပါစေ တော်အမတ်သည်တော်ဖြစ်ပြီး ဒူးအမတ်သည်ဒူးသာဖြစ်သဖြင့် "ဒူးနေရာဒူး တော်နေရာတော်" ဟူသော စကားပုံဖြစ်လာခြင်းဖြစ်သည်။ အထက်ပါနေရာချထားခြင်းသည် နန်းတွင်းအရာရှိကြီးများအတွက်ဖြစ်သည်။ နန်းတွင်းအရာရှိများထက် ပိုမြင့်သော ဘုရင်ခံများသည်ကား မင်းလမ်းဘေးတစ်လျှောက် သလွန်ငယ်များဖြင့် ထိုင်ခွင့်ရှိသည်။ (ဘုရင်နှင့်အရင်းနှီးဆုံးဘုရင်ခံသည် သွေးရင်းဖြစ်ကာ အဝေးဆုံးဘုရင်ခံသည်ကား လက်အောက်ခံ ဘုရင်ခံဖြစ်သည်။)မြေနန်းညီလာခံတွင် သလွန်ဖြင့်ထိုင်ခွင့်ရသူများမှာ အိမ်ရှေ့စံမဟာဥပရာဇာနှင့်ဘုရင်ခံများဖြစ်သည်။ စော်ဘွား နယ်စား မြို့စားတို့သည်ကား အပြင်ဘဝေါ၏နောက်တွင်ထိုင်ရသည်။ ဟံသာဝတီဆင်ဖြူ များရှင်ဘုရင့်နောင် မင်းတရားကြီး၏ ညီလာခံကို သံတွဲဘုရင်ခံနှင့်အတူပါလာသည့် ပေါ်တူဂီကုန်သည်တစ်ဦးမှတ်တမ်းတင်ရာတွင် ဤသို့ရေးသားထားသည်။
"နန်းတွင်းအမတ်ကြီးများ၏နောက်တွင် စော်ဘွားကြီးများထိုင်ကြသည်။ ကျွနိုပ်နှင့်မျက်မှန်းတမ်းမိသောစော်ဘွားတို့ကား ဗန်းမော် မဏိပူရ နှင့် မိုးနဲစော်ဘွားတို့ဖြစ်သည်။ စော်ဘွားကြီးတို့နောက် တံစက်မြိတ်အစပ်တွင်ထိုင်သူတို့က နယ်စားများ နယ်စားကိုယ်စားလှယ်များ(သားတော်များဟုဆိုလိုဟန်ရှိသည်) ဖြစ်ပြီး တံစက်မြိတ်အလွန် အပြင်တွင်ကား အမိုးအကာပြုလုပ်ကာ ကျွနိုပ်တို့နှင့်အခြားနိုင်ငံများမှ သံတမန်များထိုင်သည်။ ကျွနိုပ်တို့နောက်တွင်ကား မြို့စားများထိုင်ကြသည်"
#ရာထူးနှင့်အဆောင်အယောင်ဝတ်စားဆင်ယင်မှု
************************************
မြန်မာ့နန်းတွင်းရာထူးအဆင့်အားစလွယ်ကြိုးအရေအတွက်ဖြင့် ခွဲခြားထားသည်။ ရွှေဖြင့်ပြုလုပ်ထားသော စလွယ်ကြိုးတစ်ချောင်းအား တစ်သွယ်ဟုခေါ်သည်။
ဘုရင်၂၄သွယ်
အိမ်ရှေ့စံ ၁၈ သွယ် မင်းသားကြီး(လွှတ်တော်တက်မင်းသားကြီး ၄ပါး) ၁၆သွယ်
ဘုရင်ခံများ ၁၄ သွယ်
တော်နေရာအမတ်ကြီးများ(ဝန်ကြီးများ) ၉သွယ်
ဒူးနေရာအမတ်ကြီးများ(အတွင်းဝန်များ) ၇သွယ်
စနည်းးအမတ်ကြီးများ(ဝန်ထောက်များ) ၅သွယ်
အတွင်း/အပြင်ဘဝေါ အမတ်များ(ယနေ့ခေတ်ဆို ညွှန်ချုပ်level ရှိမည်ယူဆရသည်) ၃သွယ် ဖြစ်သည်။ ကျန်သော စော်ဘွား နယ်စားတို့ကားစလွယ်မရှိပေ။
လက်ဝဲတော်အမတ်များ၏ဝတ်စုံသည် ကတ္တီပါအနီ ရွှေချည်ထိုးအပေါ်ဝတ် ဝတ်လုံတော်နှင့် ပတ္တမြားစီ ဗောင်းဖြစ်သည်။ လက်ယာတော်အမတ်များ၏ဝတ်စုံသည် ကတ္တီပါစိမ်း ရွှေချည်ထိုး အပေါ်ဝတ်ဝတ်လုံတော်နှင့် ပုလဲစီဗောင်းဖြစ်သည်။ ဒူးနေရာအမတ်တို့သည် လက်ဝဲလက်ယာသည် အရှေ့ရှိ တော်အမတ် များ၏ဝတ်စုံအတိုင်းဖြစ်ကာ ဗောင်းသည်သာ ရွှေပိန်းချအကွပ်ပါသည်။(ကျောက်စီဗောင်းများမဟုတ်ပေ) စနည်းနေရာမှသည် အပြင်ဘဝေါနေရာအထိဝတ်စုံသည် ပိတ်ဖြူ သိုရင်းရှည်နှင့် တောင်ရှည်တို့ဖြစ်သည်။ ဗောင်းအစား ဖော့လုံးဖြူ (အနောက်တွင် အစနှစ်ခုထောင်နေသော ခေါင်းစွပ်တစ်မျိုး) ပေါင်းကြသည်။ ဖော့လုံးဖြူ တွင်မှ စနည်းသည် ရွှေဇဝါရေးဖော့လုံးဖြူ အတွင်းဘဝေါသည် ရွှေချည်ထိုး ဖော့လုံးဖြူ အပြင်ဘဝေါသည် ရိုးရိုးဖော့လုံးဖြူ ဖြစ်သည်။
#မည်သူကပိုမြတ်သနည်း
********************
လက်ဝဲအမတ်နှင့်လက်ယာအမတ်ဘယ်သူကပို၍ရာထူးမြင့်သနည်းဆိုသောမေးခွန်းအတွက်အဖြေသည်ကား ရှိသည်။ ထိုနေရာတွင် ဘုရား၏လက်ယာရံ လက်ဝဲရံမထေရ်မြတ်ကြီးနှစ်ပါးတွင် မည်သူက ပိုမြတ်သနည်းဟူသော အမေးပြန်မေးရလိမ့်မည်။ မြတ်စွာဘုရား၏ လက်ယာရံ အရှင်သာရိပုတ္တရာသည် လက်ဝဲရံ အရှင်မဟာမဂ္ဂလန် ထက် ပို၍မြင့်သည်ကို ဗုဒ္ဓစာပေလေ့လာဖူးသူများ သတိထားမိလိမ့်မည်။ မြန်မာ့နန်းတွင်းရာထူးပုံစံသည် ဗုဒ္ဓဘာသာ၏အငွေ့အသက် လွှမ်းမိုးနေသည်ဟုအထက်ကဆိုထားသဖြင့် လက်ယာအမတ်တို့သည် လက်ဝဲအမတ်တို့ထက်ပိုမြင့်သလော။ ပိုမြင့်သည်ဆိုပါက မှားပါသည်မိတ်ဆွေ ။ ထိုရာထူးနေရာအခေါ်အဝေါ်များသည် အမတ်များဘက်မှကြည့်ကာခေါ်သောအခေါ်အဝေါ်ဖြစ်ပြီး ဘုရင်၏လက်ယာသည် အမတ်တို့၏လက်ဝဲဖြစ်သည်။ ထို့အတူ ဘုရင်၏လက်ဝဲသည် အမတ်တို့၏လက်ယာဖြစ်သည်။ (လက်ယာရံသည် ဘုရားရှင်၏ လက်ယာတွင်သီတင်းသုံးသော်လည်း ပရိသတ်ဘက်မှကြည့်လျှင် လက်ဝဲဘက်ဖြစ်နေသည်)
ပညာသည်လက်ယာ တန်ခိုးသည်လက်ဝဲဟူသော စကားအရ လက်ဝဲအမတ်များသည် စစ်သူကြီးအမတ်များဖြစ်ကြသည် လက်ယာအမတ်တို့က နယ်ဘက်ဆိုင်ရာ အမတ်များဖြစ်သည် ဟုအကြမ်းဖျဉ်းဆို၍ရသည်။ တော်နေရာရှိအမတ်များသည်ကား စစ်ဘက်နယ်ဘက်နှစ်ခုလုံးအရည်အချင်းရှိသောသူများဖြစ်သည်။ လက်ဝဲအမတ်များသည် လက်ယာအမတ်များထက် မြင့်သည်ဟု ဆိုသော်ရပေသည်။ ဤနေရာတွင်အရည်တူခြင်းသာယှဉ်၍မြင့်သည်ဟုဆိုရမည်။ မင်းယောကျာ်းများအတွက် လက်ဝဲအမတ်တို့ကမြင့်သော်လည်း မင်းမိန်းမတို့ပူဇော်ခြင်းကိုခံသော အနောက်ဆောင် ပဒုမ္မာသနပလ္လင် ရှိရာ ပွဲတွင်ကား လက်ယာဘက်ရှိ မင်းမိန်းမတို့သည် လက်ဝဲထက်သာသည်။
#ဟံသာဝတီဆင်ဖြူများရှင်လက်ထက်_ညီလာခံနေရာချထားပုံ
*********************************************
လက်ဝဲတော်ဦးနေရာသည် အမတ်စစ်သူကြီး ဗညားဒလ(ဟံသာဝတီ မွန်)
လက်ယာတော်ဦးနေရာသည် အမတ်ကြီး သီရီဓမ္မာသောက (ကေတုမတီ ဗမာ)
လက်ဝဲဒူးဦးနေရာသည် လကျာ်ဥဿ ဖ (ဇင်းမယ် ရှမ်း)
လက်ယာဒူးဦးနေရာသည် နန္ဒယော်ဓာ (ကေတုမတီ ဗမာ)[မုတ္တမတိုက်ပွဲတွင် မုတ္တမစားစောဗညားကို ဆင်ရောလူပါအသေရသဖြင့် ပွဲရသူ]
လက်ဝဲစနည်းဦးနေရာသည် ထော်မှိုင်းရဲ(ကေတုမတီ ကရင်)[နောင်ရိုးတိုက်ပွဲတွင် ဘုရင့်နောင်၏ ဘယ်တောင်ပံစစ်ကြောင်းမှူးဖြစ်သည်]
လက်ယာစနည်းဦးနေရာသည် ဗြကလင်သုံး (မုတ္တမဘုရင်ခံ မဟာစောလဂွန်းအိမ်၏သားဟုသိရသည် )
လက်ဝဲအတွင်းဘဝေါဦးနေရာသည် ဥဒိန်ရာဇာ (အင်းဝ ဗမာ)
လက်ယာအတွင်းဘဝေါဦးနေရာသည် စမ္မာကမ္မာ (မိုးကောင်း ရှမ်း)
လက်ဝဲအပြင်ဘဝေါဦးနေရာသည် မင်းဓမ္မရာဇာ (သံတွဲ ရခိုင်)
လက်ယာအပြင်ဘဝေါဦးနေရာသည်ကား မှတ်တမ်းတွင်မတွေ့ရပေ။
ဒုတိယအင်ပါယာ၏ အင်အားအတောင့်တင်းဆုံးဖြစ်ရသည့်အချက်သည် ထိုညီလာခံနေရာချထားပုံကိုကြည့်လျှင် ပေါ်နေလေသည်။ ဗမာတွေချည်း ရာထူးကြီးယူထားခြင်းမဟုတ် မွန်တွေ ရခိုင်တွေ ရှမ်းတွေချည်းယူထားခြင်းမဟုတ်ပေ။ လူဦးရေအရရော စတင်တည်ထောင်သည်က ကေတုမတီဖြစ်နေ၍သာ ဗမာအမတ် ၃ဦးဖြင့် အများဆုံးယူထားသော်လည်း မွန်အမတ် ၂ ဦး ရှမ်း ၁ ကရင် ၁ ရခိုင်(သံတွဲ) ၁ ဖြင့် ရာနှုန်းတွက်သော် အခြားတိုင်းရင်းသားတို့ကပင်သာနေသေးသည်။ အကယ်၍ ယခုအချိန်သာ ထိုစဉ်ကလို ညီညွှတ်လျှင် ကျွနိုပ်တို့၏ အမျိုးသားအကျိုးစီးပွားတိုးတက်ပေမည်။ မညီပါက ပျက်စီးကိန်းဖြစ်သည်။ ဘောက်မဲ့ကြောင့် အချင်းချင်း ရန်စောင်နေကြပါလိမ့် သမိုင်းကိုပြန်ကြည့်ပါလေ။ ထိုစဉ်က ဒုတိယမြန်မာနိုင်ငံတော်သည် စစ်အင်အားအရရော နိုင်ငံရေးအင်အားအရပါ အရှေ့တောင်အာရှ၏စူပါပါဝါဖြစ်ရုံတင်မကဘဲ အိန္ဒိယ၏မဂိုအင်ပါယာ တရုတ်၏မင်အင်ပါယာတို့နှင့် ပခုံးခြင်းယှဉ်နိုင်အောင် အင်အားကြီးသော လက်နက်နိုင်ငံတော်ဖြစ်ခဲ့သည်။ မညီညွှတ်သောအခါတွင် အင်ပါယာပျက်သုန်းသွားခဲ့သည်။
.
#ကိုးကား : ဟံသာဝတီမော်ကွန်းတင်စာတမ်းများ
ရွှေဘုံနိဒါန်း
ရွှေနန်းတော်သုံးဝေါဟာရအဘိဓာန်
မှန်နန်းရာဇဝင်တော်ကြီး
#ပျံချီ
#MNJ
#စစ်မှတ်တမ်း
(#စစ်မှတ်တမ်း_Page_မှကူးယူဖ်ာပြပါသည်)
No comments:
Post a Comment