Monday, July 15, 2019

ကြောက်တတ်နေသမျှ ဘတ်စ်ကားတွေ ချောက်ထဲ ထိုးချ ခံနေ ရအုံးမှာပါပဲ"

ကြောက်တတ်နေသမျှ ဘတ်စ်ကားတွေ ချောက်ထဲ ထိုးချ ခံနေ ရအုံးမှာပါပဲ"
===================================

တစ်ခါတုန်းက တရုတ်က ရိုက်တဲ့ ဇာတ်ကားတိုလေးတစ်ကား
ကြည့်လိုက်ရတယ် ...

ဇာတ်ကား အမည်က the bus လို့ ထင်တယ် ...

ကျမတို့ နိုင်ငံရဲ့ နိုင်ငံရေးသဘောကို ထင်ဟပ်နေသလို ဖြစ်နေလို့ အရမ်း သဘောကျမိတဲ့ ဇာတ်ကားတိုလေးပါ ...

ဇာတ်လမ်းအစမှာ လူတစ်ယောက်က ဘတ်စ်ကား စောင့်နေတယ် ...

နေရာက လူပြတ်တဲ့ တောအရပ်လို နေရာမျိုးပါ ... ဘတ်စ်ကား ဆိုတာလဲ မြို့တွင်းပြေးတဲ့ ဘတ်စ်ကားမျိုး မဟုတ်ဘဲ ... အဝေးပြေး ဘတ်စ်ကားမျိုးပေါ့ ...

တော်တော်ကြာကြာ စောင့်ပြီးတော့မှ ဘတ်စ်ကားက လာတယ် ...

ကားမောင်းသူက အမျိုးသမီး ... အသက် ၄၀ လောက် ရှိမယ် ...

ကားပေါ်မှာ ခရီးသည် ၁၀ ယောက် ကျော်ကျော် ပါလာတယ် ... အများအားဖြင့် ယောက်ျားတွေ ချည်းဘဲ ... မိန်းမ တစ်ယောက် နှစ်ယောက် လောက်ဘဲ ပါတယ် ...

ကားက ဆက်မောင်းလာရင်း လမ်းတစ်နေရာ အရောက်မှာ ဓါးမြတိုက်ခံရတယ် ...

ဓါးမြက နှစ်ယောက် ... တစ်ထွာလောက် ရှိတဲ့ ဓားအတိုလေး တစ်ယောက် တစ်ချောင်းနဲ့ ... ကားပေါ်က ခရီးသည်တွေဆီက ရှိသမျှ ပစ္စည်းတွေ တောင်းတယ် ... ခရီးသည်တွေလဲ ကြောက်ကြောက် လန့်လန့်နဲ့ ထုတ်ပေးကြ တာပေါ့ ...

ရသမျှ အကုန် ယူပြီးတော့မှ ကားမောင်းနေသူကို ဓါးမြတွေ သတိထားမိ သွားတယ် ... အရွယ်ကောင်းကောင်း ရုပ် ခပ်သန့်သန့် မိန်းမ တစ်ယောက် ဖြစ်နေလေတော့ ကာမကိုပါ ဓါးမြတိုက်ဖို့ ကြိုးစား ကြတော့တယ် ...

ကားမောင်းတဲ့ မိန်းမကို ကားပေါ်ကနေ ဆွဲချသွားပြီး ခပ်လှမ်းလှမ်းက ခြုံပုတ်တစ်ခုမှာ မတော်မတရား ပြုကျင့်တယ် ...

ကားပေါ်မှာ ယောက်ျားတွေ တပုံချည်းပါတယ် ... ဒါပေမဲ့ ဘာမှ အကူအညီ မပေးနိုင်ကြဘူး ...

သူတို့ ကြောက်လန့်နေကြတာ  ... ဓါးအတိုလေး တစ်ချောင်းနဲ့ ဓါးမြနှစ်ယောက်ကို ယောက်ျား ဆယ်ယောက်လောက်က ကြောက်လန့် တုန်လှုပ်နေကြတာ ...

အဲ့အချိန်မှာ အခုန ကားပေါ် နောက်ဆုံး တက်လာတဲ့ ယောက်ျားက မနေနိုင်တော့လို့ ဆင်းပြီး သွားကယ်တယ် ... ဘေးက လူတွေ ကိုလဲ ဘာလုပ် နေကြတာလဲလို့ အော်ပြော သွားတယ် ... လိုက်လာပြီး ဝိုင်းကူကြ မလား လို့ပေါ့ ...

ဒါပေမဲ့ ဘယ်သူမှ ဆင်းမလိုက်လာကြဘူး ... အားလုံး ကားပေါ်ကနေ ထိုင်ကြည့် နေကြတယ် ...

သွား ဆင်းကယ်တဲ့ လူကလည်း ဂျက်လီ မဟုတ်လို့ ဘာမှ မထိုးတတ် မကြိတ်တတ်တော့ ဓါးမြနှစ်ယောက်ကို မနိုင်ပါဘူး ... သူဘဲ ဒဏ်ရာတွေနဲ့ ပက်လက်လန် ကျန်ရစ်တယ် ...

ကားမောင်းသူ မိန်းမကို စိတ်ကြိုက် ပြုမူပြီးလို့ အားရတော့ ဓါးမြ နှစ်ယောက် ထွက်သွားတယ် ...

ထိုမိန်းမလဲ အ၀တ်အစားတွေ ၀တ်ပြီး ကားပေါ် ပြန်တက်လာတယ် ... သွားဆင်းကယ်ဖို့ ကြိုးစားတဲ့ အထိုးခံထားရတဲ့သူတော့ မထနိုင်သေးလို့ ကားပေါ် ပြန်တက် မလာနိုင်သေးဘူး ...

ကားပေါ်ရောက်တော့ မိန်းမက ထိုင်နေတဲ့ သူတွေကို ဒေါသတကြီး ကြည့်တယ် ... ပြီးတော့ စတီယာတိုင်ပေါ် မျက်နှာမှောက်ချပြီး အားရပါးရ ငိုတယ် ...

ငိုလို့ အားရတော့ ကားဆက်မောင်းဖို့ ပြင်လိုက်တယ် ... အဲ့အချိန်ကျမှ အခုန အထိုးခံထားရတဲ့သူ ကားပေါ် တက်လာနိုင်တယ် ...

ကားမောင်းတဲ့ မိန်းမက ထိုယောက်ျားကို ကားပေါ် အတက်မခံပါဘူး ... ကားတံခါးကို ပိတ်ပြီး မောင်းထွက်သွားတယ် ...

အထိုးခံရတဲ့ ယောက်ျားလဲ ထိုမိန်းမရဲ့ အပြုအမူကို နားမလည်နိုင် ဖြစ်ပြီး ကျန်နေခဲ့တာပေါ့ ...

နောက်ထပ် ကားကြုံ ထပ်စောင့်ပြီး သူ့ခရီး သူဆက်ရတယ် ...

နောက်ထပ် ကားကြုံက အိမ်စီးကားလေး တစ်စီးပါ ... အဲ့ကားကြုံကို စီးပြီး လိုက်လာတယ် ...

လမ်းတစ်နေရာမှာ လူတွေ စုရုံးစုရုံး ဖြစ်နေလို့ ဘာဖြစ်နေတာလဲလို့ စပ်စုလိုက်တဲ့ အခါမှာ ဘတ်စ်ကားတစ်စီး ချောက်ထဲ ထိုးကျသွားလို့တဲ့ ...

သူ အရမ်း အံ့သြသွားတယ် ... အခုန သူ စီးလာတဲ့ ဘတ်စ်ကားပါ ...

လူတွေ ဘာဖြစ်သွားလဲလို့ မေးလိုက်တော့ ...

အသက်ရှင်တဲ့သူ မရှိပါဘူးတဲ့ ...

အဲ့အချိန်မှာ ကားမောင်းထွက်သွားတဲ့ မိန်းမရဲ့ မျက်နှာကို သူ ပြန်မြင်ယောင်သွားတယ် ...

သူ မအံ့သြတော့ဘူး ...

ဇာတ်လမ်းကတော့ ဒါပါဘဲ ...

မတရားမှုတွေကို လက်ပိုက် ကြည့်နေသ၍ တို့နိုင်ငံမှာ ဘတ်စ်ကားတွေ ချောက်ထဲ ထိုးချ ခံနေရအုံးမှာပါပဲ။
...

#မူရင်းရေးသားသူကို_Creditပေးပါတယ်

No comments:

Post a Comment