Monday, July 15, 2019

#မနူဟာ_အရည်းဆရာ_ကိုးကွယ်ခဲ့သလော နှင့် #တောင်ပြုံးညီနောင်_ဝက်သားစားခဲ့သည်

#မနူဟာ_အရည်းဆရာ_ကိုးကွယ်ခဲ့သလော နှင့်
#တောင်ပြုံးညီနောင်_ဝက်သားစားခဲ့သည်



*************************
"အရည်းကြီး"ဆိုတာနဲ့ ပတ်သက်လို့ အချို့သမိုင်းဆရာများဟာ မရိုးသားခြင်း အဂတိလိုက်စားခြင်းတွေ ပြုကြတယ်။

အကြောင်းအရာ ဆက်စပ်တူညီနေတာတောင် လိုချင်တာလေးပဲယူ မလိုချင်တာဖြုတ် ထိန်ချန်ကြတယ် စသဖြင့် ဆရာကြီးမောင်မဲက ဖေါ်ပြပါ စာမျက်နှာများအတိုင်း သုံးသပ်ပြထားပါတယ်။

သူပြောတာက ဦးကုလားရဲ့ ရာဇဝင်ကြီး၊ မှန်နန်း၊ သာသနာလင်္ကာရ စတဲ့ကျမ်းတွေထဲက ပုဂံ အရည်းကြီးအကြောင်း ဖေါ်ပြရင် သထုံအရည်းကြီးအကြောင်းလဲ ဖေါ်ပြကြပေါ့။

ဘာလို့ ထိမ်ချန်ကြတာလဲ လို့ မေးခွန်းထုတ်ထားပါတယ်။

သထုံဘုရင်မနူဟာမှာ ဗျတ်ဝိ ဗျတ္တဆိုတဲ့ သူရဲကြီးနှစ်ယောက် ရှိသတဲ့။ သူတို့ကို ပရုတ်ကြီး ပရုတ်ငယ်လို့လဲ ခေါ်တယ်လို့ ဦးစံဝင်းရဲ့ သုဝဏ္ဏဘူမိ စာအုပ်မှာ ရေးထားတယ်။

စကားကြုံတုန်းပြောရရင် အဲဒီ ဗျတ်ဝိ ဗျတ္တဟာ မွတ်ဆလင်
ကုလားတွေ မဟုတ်ကြပါဘူး။  အရှေ့တောင်အာရှသမိုင်းဖြစ်စဉ်ကို ပြန်ကြည့်ရင် အေဒီ ၁၁ ရာစု ယင်းကာလက လက်ရှိ အင်ဒိုနီးရှား ဂျာဗား မလေးကျွန်းဆွယ် တွေတောင် မွတ်သလင် မဖြစ်သေးပါဘူး။

ဗုဒ္ဓဘာသာ၊ ဟိန္ဒူ နဲ့ ရိုးရာနတ်တွေ ကိုးကွယ်တဲ့ နိုင်ငံတွေပါ။

ဗျတ်ဝိ ဗျတ္တရှိကြောင်း ခေတ်ပြိုင်အထောက်အထား အခုထိ မတွေ့ရသေးဘူး။ သူတို့ဟာ ရှိခဲ့မယ် ဆိုရင်တောင် မွတ်စလင်တွေ
မဟုတ်ကြပါဘူး။

ဘုန်းကြီးကျောင်းမှာ ကပ်နေရတဲ့ ဘုန်းကြီးကျောင်းသား ဒါမှမဟုတ် အရည်းကျောင်းမှာ ကပ်နေရတဲ့ အရည်းကျောင်းသားတွေ မျှသာ။

ဒီထက်ပိုခိုင်မာတဲ့ အကြောင်းအရာကတော့ ဗျတ္တရဲ့ သားနှစ်ယောက် နတ်ဖြစ်သွားတဲ့ မင်းကြီးမင်းလေး ဆိုတာဟာ ဝက်သား
စားပါတယ်။ သူတို့အဖေ ဗျတ္တလည်း ဝက်သားစား ဖြစ်လို့ပေါ့။

မြန်မာမင်းတွေလက်ထက်က တောင်ပြုံးပွဲမှာ ပသတဲ့ အစားအသောက်စားရင်းမှာ ဝက်သားကောင်းကောင်း ပါပါတယ်။

ကိုယ်တော်ကြီး ကိုယ်တော်လေးဆိုတဲ့ ငတိနှစ်ကောင်ဟာ ဝက်သားကောင်းကောင် ကြိတ်ပါတယ်။

ကိုလိုနီခေတ်နောက်ပိုင်းမှ နတ်ကတော်တွေ တီထွင်ရင်းနဲ့ မင်းကြီးမင်းလေးလဲ ဝက်သားငတ်ရရှာတာပါ။

အခုနေ မင်းအမိန့်နဲ့ ရှေးမြန်မာဘုရင်များ ပသမြဲဖြစ်သော ထုံးစံအတိုင်း ဝက်သားပြန်စားစေ ဆိုရင် နှစ်ကောင်းသား ကောင်းကောင်း ဝါးတီးဆွဲကြဦးမှာပါ။

ဘိုးတော် အနော်ရထာမင်းကြီးရဲ့ အမိန့်ဆိုရင် နှစ်ကောင်သား
နောက်တစ်ကြိမ်တောင် ထပ်သေလို့ရတာ လာထားဝက်သား
ကောင်းကောင်းဝါးကြဦးမှာပါ။

ဆိုတော့ကာ ဗျတ်ဝိ ဗျတ္တသည် မွတ်ဆလင်ကုလားမဟုတ်
ဝက်သားစား ဘုန်းကြီးကျောင်းသား မျှသာ။

ဗျတ်ဝိနဲ့ ဗျတ္တ ဆူပါ ပါဝါတွေ ရှိသွားတော့ မနူဟာ ကြောက်ရွံ့ပြီး
ဗျတ်ဝိကိုဖမ်းသတ် စီရင်ပုံကို ကြည့်ချင်းအားဖြင့် မနူဟာသည်
အရည်းဆရာနဲ့ အောက်လမ်းနည်းများကို ယုံကြည်ကိုးကွယ်သူ
ဆိုတာ ထင်ရှားပြန်ပါတယ်။

သထုံမင်းမနူဟာသည် ဗျတ်ဝိကို သတ်ပြီးတော့ ဘယ်လိုလုပ်ရမလဲ လို့ သူ့ မင်းဆရာကိုမေးတော့ သူ့မင်းဆရာက အလောင်းကိုဖျက်ပြီး ခြေ လက် ခေါင်း အူ အသဲ တစ်စစီ အမဲဖျက်ပြီး ဘယ်နေရာတွေမှာ မြှုပ်ဆိုပြီး စီရင်ပါတယ်။

အဲဒါဟာ တန္တရစ်ဝါဒ လက်ဝဲဂိုဏ်း အရည်းကြီးတို့ရဲ့ အောက်လမ်း ပညာတဲ့ဗျား။

မနူဟာ အရည်းဆရာကို ယုံကြည်ကိုးကွယ်ပြီး အရည်းကြီးပညာ
 အောက်လမ်းနည်းတွေကို ယုံကြည် ဆည်းကပ် တဲ့ အကြောင်းအရာပါ။

ဒါတွေကို ဆရာကြီး ဦးသက်တင်ရဲ့ ရွှေမောဓော သမိုင်းပါ မနူဟာ
နှင့် ပဲခူး သထုံ မော်လမြိုင် မုတ္တမ အရည်းကြီးများ အကြောင်းနဲ့
ဆက်စပ်ကြည့်ပါဦး။

ရှင်အရဟံခေါ် ရှင်ဓမ္မဒဿီဟာ သထုံမင်းမနူဟာကို အရည်းကြီးတို့ ရဲ့ မိစ္ဆာအယူကိုနှိမ်ပြီး ပုဂံမင်းအနော်ရထာကဲ့သို့ ဗုဒ္ဓသာသနာကို အားပေဖို့ ဟောပြောတယ်။

မနူဟာသည် မနာယူပဲ ကာမဂုဏ် အပျော်အပါးတွေနဲ့ပဲ မျောနေ
တယ်။ ရှင်ဓမ္မဒဿီလည်း ငါ့တာဝန်ကုန်ပြီ ပုဂံမင်းသာလျင်
သာသနာကို သွေးသစ်လောင်းနိုင်မယ်ဆိုပြီး ပုဂံကိုကြွသွားတယ်။

ပုဂံမင်းအနော်ရထာကလဲ အထူး အလေးအမြတ်ကိုးကွယ်တယ်။

ဆရာတော်က အနော်ရထာကို ပုဂံမှာ သာသနာအင်အား ကောင်းလှပါတယ်။ ပဲခူး သထုံ ဒေသတို့မှာ သာသနာအင်အား ငယ်လှ
တယ်။ ထိုဒေသများကို သာသနာအင်အား ဖြည့်တင်း ရန်
မိန့်ပါတယ်။

အရှေ့တောင်အာရှ သမိုင်းကိုပြန်ကြည့်ရင် ကမ္ဘောဒီးယားက
အန်ကောအင်ပါယာ ဟာ အင်အားကောင်းနေပြီး ဒွါရာဝတီ (ယနေ့ယိုးဒယား)ထဲက မွန်မြို့တွေကိုသိမ်းပိုက်ပြီးလို့
အောက်မြန်မာနိုင်ငံက သထုံ ပဲခူးအထိ တိုက်ခိုက်သိမ်းပိုက်လာ
ပါတယ်။

အနော်ရထာဟာ ပဲခူး၊ သထုံတို့ကို ကြွမ် ခေါ် ကရွမ် ခေါ် ဂြွမ်း ခေါ် ကမ္ဘောဒီးယား ခမာလက်အောက် ရောက်သွားတဲ့ ပဲခူး သထုံတို့ကို
 ပြန်တိုက်ယူရတယ်။

ကရွမ် ခေါ် ဂြွမ်းခေါ် ခမာတွေ သထုံ ပဲခူးကိုလာတိုက်တော့ သထုံရာဇဝင်အရ ၅၈ ဆက်မြောက် (မူကွဲ ၈၄ ပါးမြောက်၊ ရွှေမောဓောသမိုင်း) သထုံမင်း မနူဟာခေါ် မနော်ဟရီသည် ပုဂံကို ထွက်ပြေးရတယ်။

သာလွန်မင်းကြီး လက်ထက် စစ်တမ်းမှာ မနူဟာသည်
လှေတော်ကြီးလေးနဲ့ သမီးတော်ကို ဆက်သပြီး ပုဂံမင်း
အနော်ရထာ ထံ ခိုလှုံလာသည်လို့ ရှိတယ်။

ပဲခူး တိမ်မယ်ပျူမင်းဆက်က ၁၀၅ ပါးမြောက် ဗောင်းတော်ရှည်လဲ ပုဂံကိုပါတယ်လို့ ကိုးသိန်းကိုးသောင်း ဘုရားသမိုင်းက ဆိုတယ်။

အဲဒီ အချိန်ကစလို့ ပဲခူး သထုံတို့ကို ပုဂံမင်း အနော်ရထာကလို့
 စောလူးမင်း ကျန်စစ်သား အလောင်းစည်သူ စတဲ့ ပုဂံမင်းတွေ ခန့် တဲ့ ပဲခူးစား သထုံစား နယ်စားမင်းတွေ ဆက်လက် အုပ်ချုပ်တာ
ပုဂံပျက်တဲ့ အချိန်အထိပါပဲ။

မနူဟာနဲ့ ပတ်သက်လို့ မနူဟာ ဆင့်ထိုးကျောက်စာ ကျန်ပါတယ်။
ပုဂံမှာ မနူဟာဘုရား မနူဟာတည်တယ်ဆိုတဲ့ နန်းဘုရားတို့ ကျန်ပါတယ်။

မနူဟာရဲ့ နန်းဘုရားမှာဆိုရင် ဟိန္ဒူနတ်ရုပ် မဟာယာန လောကနာထ စတဲ့ တန္တရဘက် ယိမ်းတဲ့ အငွေ့အသက်တွေ တွေ့ရတယ်။

ဒါတွေကို ကြည့်ခြင်းအားဖြင့် မနူဟာသည် သထုံမှာနေစဉ် တန္တရစ် အရည်းဆရာများကို ကိုးကွယ် ဆည်းကဲ့ပြီး ပုဂံကိုရောက်တော့
မြင်းကပါ အရပ်မှာ ချမ်းသာစွာနေရင်း ပုဂံမင်းအနော်ရထာရဲ့
သွန်သင် တည့်မတ်ပေးမှု သာသနာပြုမှုတွေကြောင့် ထေရဝါဒဖက် ပြန်ရောက်ကာ ဗုဒ္ဓသာသနာ သက်ဝင်မှု အားပြန်ကောင်းလာလို့ ဘုရားစေတီပြုကာ နိဗ္ဗာန်ကိုရည်မျှော် လာလေသလား။

#အကိုးအကား။
ပဲခူးရွှေမောဓောသမိုင်း - ကထိကဦးသက်တင်
ပဲခူးစေတီ ၅၅ဆူသမိုင်း - ကထိကဦးသက်သတင်
ပဲခူးတိမ်မယ်ပျူ - ပါမောက္ခဒေါက်တာ ချိုချိုတင့်၊ မောင်ယဉ်လှိုင်း (ပျဉ်းမမြိုင်)
အမှားကြာ၍ အမှန်ဖြစ်နေရခြင်း -မောင်မဲ
ဆရာကြီးမောင်မဲရဲ့ ဆောင်းပါးဟာ ၂၀၀၁၊မေလ၊ အတွေးအမြင် စာစဉ် ၁၄၉ မှာ ပါတာဖြစ်ပြီး ရှမ်းရိုးမအီးလိုက်ဘရီက ဖေ့ဘုတ်မှာ တင်ပေးထားတာပါ။

#Credit_ဈာန်သစ်အောင်

No comments:

Post a Comment