Tuesday, July 16, 2019

သမိုင်းထဲက ဒဏ္ဏာရီ..…ဒဏ္ဏာရီထဲက ပုဂံ (#အပိုင်း၃)

သမိုင်းထဲက ဒဏ္ဏာရီ..…ဒဏ္ဏာရီထဲက ပုဂံ (#အပိုင်း၃)
================================

အနော်ရထာ နှင့် နတ်စစ်သည်(၄)ဦး
_________________

 တရုတ်ပြည်သို့ စစ်ချီရာတွင် နတ်စစ်သည်လေးဦးနှင့်တကွ ဗျတ္တ၏သားများဖြစ်ကြသော ရွှေဖျင်းကြီး၊ရွှေဖျင်းလေး(မင်းကြီး၊မင်းလေး) ပါဝင်ခဲ့သည်။တရုတ်ပြည်သို့ရောက်သော် ကျန်စစ်သား၊ငထွေးရူး၊ငလုံးလက်ဖယ်၊ညောင်ဦးဖီး၊ရွှေဖျင်းညီနောင်တို့နှင့်အတူ နတ်မြင်းကိုစီး၍ ဦးတည်ဘွား(တရုတ်ရသေ့) ကျောင်းသို့သွားလေသည်။

 ထိုစဉ် ဦးတည်ဘွားမှ အနော်ရထာမင်းနှင့်တကွ နတ်စစ်သည်လေးဦး၊သားရွှေဖျင်းညီနောင်တို့သည် အဖိုးအတိုင်းမသိသော တန်ဆာတို့ကို ဝတ်စားဆင်ယင်ကုန်သည်ဖြစ်သောကြောင့် မည်သူကား မင်းဧကရာဇ်ဖြစ်သည်ကို မသိသောကြောင့် နေရာခုနှစ်ခုကို ပြင်ဆင်ပေး၍ လာရောက်မဖူးမြှော်ဘဲနေလေသည်။

အနော်ရထာမင်းစောလည်း နေရာခုနှစ်ခုတို့ကို အရိန္ဒမာကြိမ်လုံးဖြင့်ရိုက်ခတ်၍ တစ်ခုတည်းသောအရပ်တစ်နေရာ၌ နေတော်မူလေလျှင် စစ်သူကြီးလေးဦးနှင့်တစ်ကွ  ရွှေဖျင်းညီနောင်တို့သည် ရိုသေစွာ ဒူးတုပ်၍ ခစားကြလေသည်။

ထိုအကြောင်းကို ဦးတည်ဘွားကကြားလေသော် ဘုန်းကြီးသောမင်းမှန်းသိလေသည်။သို့သော်လည်း " အဘယ်အရပ်မှ အဘယ်အကြောင်းကြောင့် ငါတို့နိုင်ငံသို့ကြွလာသနည်း " ဟု မေးတော်မူခိုင်းလေသည်။ " ငါကား အရိမဒ္ဒနာမည်သော ပေါက္ကာရာမပြည်ကြီးကိုအစိုးရသော အနော်ရထာမင်းဖြစ်သည်။

သဗ္ဗေညုတမြတ်စွာဘုရားသခင်၏ စွယ်တော်မြတ်ကို ကိုးကွယ်လိုသောကြောင့် တောင်းရန်လာခဲ့ခြင်းဖြစ်သည် "ဟုအနော်ရထာမင်းမှပြောကြားလေသော်  ဦးတည်ဘွားမှလည်း မိမိတို့ရသေ့အကြောင်းကို ကြားစေ၍ မလေးမစားပြုမူဆက်ဆံလေသည်။

                      ထိုစဉ်အနော်ရထာမင်းမှ  " ငါသို့သောမင်းအား မဖူးမမြင်၊မလေးမစား ဆက်ဆံလေရသလားဟု ပြင်းစွာအမျက်ထွက်၍ ညသို့ရောက်သောအခါ ရွှေဖျင်းညီနောင်(မင်းကြီး၊မင်းလေး)အား ခေါ်၍ ဦးတည်ဘွားအိပ်သောနန်းသို့ ဝင်စေလေသည်။

ဦးတည်ဘွားသည် နန်တွင်းတွင် ရေပတ်လည်ဝိုင်းလျက်ရှိသော အဆောင်ငယ်လေးတွင် အိပ်စက်လေသောကြောင့် ထိုရေများအား ပိုက်ဖြင့် ပြောင်စင်အောင်စုက်ထုတ်ပြီးလျှင် ဦးတည်ဘွား၏ဗိုက်အား ထုံးသုံးတန်တားခဲ့ပြီး နံရံတွင်လည်း မိုးသောက်လျှင် အနော်ရထာမင်းစောအား မဖူးမြှော်လျှင် ဤအတိုင်း ခုတ်ပိုင်းပြစ်မည် ဟု ရေးသားခဲ့လေသည်။

ကျန်စစ်သားမှာလည်း ကြေးစန္ဒီနတ်ရုပ်တု(တရုတ်နတ်စစ်သည်)အားကြိုးဖြင့်တုပ်၍ အရိန္ဒမာကြိမ်လုံးဖြင့် ရိုက်နှက်လေတော့သည်။နံနက်ရောက်သော် ဦးတည်ဘွားမှ ဗိုက်တွင်ထုံးသုံးတန်၊နံရံမှစာများ၊ကြေးစန္ဒီနတ်ရုပ်ထု အော်ဟစ်ငိုယိုသံများ၊ပြည်သူများအထိတ်အလန့် ပွက်လောညံလေသောကြောင့် ဦးတည်ဘွားမှာလည်း ကြောက်ရွံ့လေသောကြောင့် မှူးမတ်အပေါင်းခြံရံလျက် ထွက်ရောက်ဖူးမြှော်လေတော့သည်။

                    ဦးတည်ဘွားနှင့် အနော်ရထာမင်းစောတို့ အဆွေခင်ပွန်း ဖြစ်ကြပြီးလျှင် စွယ်တော်မြတ်အား ဖူးမြှော်ပြီး ပင့်ဆောင်ရန် အနော်ရထာမင်းစော၏ ဦးခေါင်းထက်တွင် စံမြန်စေ၍ အဓိဋ္ဌာန်ပြုစေပြီး ဆုတောင်းခိုင်းလေသည်။မည်သို့ပင်တောင်းပန်၍ အဓိဋ္ဌာန်စေကာမူ ဦးခေါင်းအထက်၌ လာရောက်မစံမြန်းဘဲ ရှိနေလေသည်။

ထိုစဉ် ဦးတည်ဘွားမှ သရေခေတ္တရာပြည်ကိုအစိုးရသော ဒွတ္တဘောင်မင်းကြီးသည် ကမ်းယံပြည်မှ ပင့်ဆာင်ပြီး စေတီကြီးစွာတည်၍ ကိုးကွယ်သော နဖူးသင်းကျစ်တော်ဓာတ်ကို ဋ္ဌာပနာ၍ ကိုးကွယ်ကြောင်း ပြောဆိုပြီး တောင်းယူပင့်ဆောင်ခိုင်းလေသည်။

အနော်ရထာမင်းလည်း စွယ်တော်မြတ်အား နေ့စဉ်ဆွမ်းကပ်၍ မင်းနှစ်ပါး ကြည်ကြည်သာသာ ရှိလေသည်။ဦးတည်ဘွားမှလည်း သိကြားမင်းပေးအပ်သော မြရှင်ဘုရားအား ကိုးကွယ်စေရန် အနော်ရထာမင်းအား ပေးအပ်လေသည်။

                   အနော်ရထာမင်းလည်း မြရှင်ဘုရားအားပင့်ဆောင်၍ ပြန်တော်မူခဲ့ပြီး ရှမ်းပြည်သို့ရောက်ရာ မောကိုးပြည်ထောင်(မိုးကောင်း)ကို အစိုးရသော စော်ဘွားက အလွန်အဆင်းလှသောသမီးတော် စောမွန်လှကိုဆက်သလိုက်လေသည်။

ရွှေဖျင်းညီနောင်အား ယုံကြည်တော်မမူ၍ မန္တလေးအထက် တောင်ပြုံးအရပ်အနီး ဝါးရင်းတုတ်အရပ်၌ ကွပ်မျက်လိုက်လေတော့သည်။(အကြောင်းမှာ တောင်ပြုံးအရပ်၌ ဆုတောင်းပြည့်ဘုရားတည်ရာတွင် မိမိတို့ဝေစုလုပ်အားကို မထမ်းဆောင်ခြင်း၊မထီမဲ့မြင်ပြုခြင်း၊သောက်စားမူးယစ်၍ အချိန်ဖြုန်းခြင်း၊မိန်းမကိစ္စ၌သာ အချိန်ကုန်ခြင်းတို့ဖြစ်သည်ဟု ယူဆမိပါသည်)။

ထိုဆုတောင်းပြည့်ဘုရား၌ ၎င်းတို့၏ တာဝန်ဖြစ်သော အုတ်နှစ်ချပ်လပ်နေသည်ကို ယနေ့တိုင် တွေ့မြင်ရလေတော့သည်။

                    မင်းကြီးဖောင်တော်ဖြင့် ပြန်ကြွလေသော် ၎င်းတို့သည် နတ်ဖြစ်၍ မင်းကြီးဖောင်တော်အား မသွားနိုင်အောင် ဆွဲထားလေတော့သည်။ဟူးရားဖြူ/ညို တို့အား မေးမြန်းလေရာ ထိုညီနောင်သည် မင်းမှုကိုသာထမ်းရပြ်ီိး တစ်စုံတစ်ရာအကျိုးမခံစားရသောကြောင့် ဆွဲထားလေသည်ဟု သိရှိပြီး ထိုဆုတောင်းပြည့်ဘုရားအနီးတွင် နတ်ကွန်း၊နတ်နန်းတည်ဆောက်ပေး၍ ထိုအရပ်မှလူများအား ပူဇော်စေလေတော့သည်။

ထိုအချိန်မှစ၍ မြန်မာနိုင်ငံတွင် ရွှေဖျင်းညီနောင်(မင်းကြီး၊မင်းလေး)နတ်ဟု ထင်ရှားလာလေတော့သည်။နှစ်စဉ် ပွဲတော်ကြီးကျယ်စွာ ယခုတိုင် ကျင်းပနေလေတော့သည်။

(ဆက်ရန်  အပိုင်း၎ )
အနော်ရထာနှင့်ဒွတ္တဘောင်မင်းကြီး
______________________
#မှတ်ချက်။   ။ဦးကုလား မဟာရာဇဝင်ကြီး နှင့် အမျိုးသားပညာဝန် ဦးဖိုးကျားတို့မှ ကောက်နူတ်၍ ကူးယူဖော်ပြပါသည်။

#Credit_Org

No comments:

Post a Comment